ဆေးရုံဝန်ထမ်းအားလုံးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားရပါတယ်။

ပြည်မြို့က ပုဂ္ဂလိကဆေးရုံ တစ်ခုမှာ ကုသမှုခံယူနေတဲ့ လူနာတစ်ဦးကို ရောဂါအခြေအနေ ဆိုးရွားတာကြောင့် ဆေးစစ်ကြည့်ရာ လူနာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရပြီး၊ လူနာကတော့ ဆေးစစ်ချက်မထွက်မီမှာပဲ ‌သေဆုံးသွားတယ်လို့ သိရပါတယ်။



သေဆုံးပိုးတွေ့လူနာသည်  ‌အောင်လံမြို့ကဖြစ်ပြီး ၊ ပြည်မြို့က ဇော်မြင့်မိုရ်ပုဂ္ဂလိက ဆေးရုံကို လာရောက်ပြီး ဆေးကုသမှုခံယူနေသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း၊ ကုသမှုခံယူနေချိန် အခြေအနေဆိုးရွားကာ ကိုဗစ်၁၉ လက္ခဏာတွေပြသတာကြောင့် ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးကို ဒီကနေ့ မနက်မှာပဲ ပြောင်းရွှေ့ခဲ့ပြီး ကိုဗစ်ပိုးရှိမရှိ ဆေးစစ်ခဲ့ရာမှ ပိုးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

 "ဇော်မြင့်မိုရ်မှာ ၃ ရက်တက်တယ်၊ နောက် ပြည်ဆေးရုံကြီးမှာ စစ်ဆေးလိုက်တဲ့အခါ positive ထွက်ပြီး သေဆုံးသွားတာဖြစ်တယ်။ ထိစပ်တွေထဲ ဆရာဝန်က ၄ ယောက်ပါတယ်။ ကွာရန်တင်းစင်တာ အားလုံးကိုပို့ထားတယ်။ ဆေးရုံကို တစ်ပတ်ပိတ်ထားတယ်။လူနာက မနက်ကတည်းက သင်္ဂြိုလ်ပြီးသွားပြီ"လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။

ဓာတ်ပုံ - ပြည်သားလေး

လက်ရှိမှာ ဇော်မြင့်မိုရ်ဆေးရုံကို ၇ ရက် ပိတ်ထားလိုက်ပြီး ဆေးရုံက ဝန်ထမ်းတွေကို ကွာရန်တင်းပို့ဆောင်ထားကာ ကုသမှုခံယူနေတဲ့ လူနာတွေကိုတော့ ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ထားပါတယ်။ ကွာရန်တင်းစင်တာနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့တဲ့ လူနာအားလုံးပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

"ဆေးရုံဝန်ထမ်းလား လူနာလားတော့ ကျွန်တော်ကွဲကွဲပြားပြားမသိဘူး။ သိတာတော့ဆေးရုံကြီးကို ပို့ရတယ်၊ သန္တာဆောင်ကိုပို့ရတယ်။ ကျွန်တော်တို့ကြားရတဲ့သတင်းအရတော့ ဆေးရုံလာတက်တယ် မသက်သာဘူး။ ပြလာတဲ့ လက္ခဏာတွေကလည်း ကိုဗစ်လက္ခဏာတွေတွေ့တဲ့အတွက်ကြောင့် ပြည်သူ့ဆေးရုံကိုပြောင်းတယ်။ ပြောင်းလည်းပြောင်းပြီးရော ဆေးစစ်ပြီး positive ထွက်ပြီးမကြာခင်မှာပဲဆုံးသွားတယ်သတင်းရပါတယ်။ခုမနက်ပဲသင်္ဂြိုလ်ပါတယ်"လို့ ပစ်တိုင်းထောင်လူမှုရေးအသင်းမှ အတွင်းရေးမှူးဖြစ်သူ ကိုအောင်လေးက ပြောပါတယ် ။

ပိုးတွေ့သေဆုံးလူနာကိုတော့ လူနာသေဆုံးပြီး ချက်ခြင်း ပြည်မြို့မှာပဲ သင်္ဂြိုလ်ခဲ့ကြောင်း၊ ကိုဗစ် စည်းကမ်းချက်နဲ့အညီ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က