ပြင်းထန်လူနာတစ်ဦးကတော့ တစ်ရက်ကို နှစ်သိန်းနဲ့ သုံးသိန်းကြားကုန်ကျမှာဖြစ်ပါတယ်။

အစိုးရက ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမယ့် သာမန်ကိုဗစ်လူနာတစ်ဦးရဲ့ တစ်ရက် ဆေးကုသစရိတ်က ပျမ်းမျှအားဖြင့် ကျပ်တစ်သိန်းခွဲ ဝန်းကျင်ကုန်ကျမယ်လို့ သိရပါတယ်။

ပြင်းထန်လူနာ ICUခန်းမှာ ထားရှိကုသရမယ့် လူနာတစ်ဦးရဲ့ တစ်ရက်ကုန်ကျစရိတ်ကတော့ နှစ်သိန်း ၊သုံးသိန်းဝန်းကျင်မှာရှိပြီး ကုန်ကျစရိတ်အားလုံးကိုတွက်ချက်မယ်ဆိုရင်တော့ လူနာတွေရဲ့ ရောဂါအခြေအနေတွေမူတည်ပြီး ကုန်ကျစရိတ်ကွာခြားသွားမှာဖြစ်တယ်လို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်က Duwunကိုပြောပါတယ်။



“ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် လူနာတွေရဲ့ အခြေအနေပေါ်မှာ မူတည်သလို ဆေးရုံတက်ရမယ့်ရက်ပေါ်လည်းမူတည်ပါတယ်။ ကိုဗစ်လူနာတွေက ရောဂါလက္ခဏာပြင်းထန်တဲ့သူရှိပြီး ဘာရောဂါလက္ခဏမှမပြတဲ့သူတွေလည်းရှိတယ်။ အဲဒီမှာ ကုန်ကျစရိတ်ကွာသွားမယ်။ သာမန်လူနာတစ်ဦးရဲ့ တစ်ရက် ဆေးကုသခွင့်က ပျမ်းမျှအားဖြင့် တစ်သိန်းခွဲဝန်းကျင်ကုန်ကျမယ်။ ICUထဲက ပြင်းထန်လူနာတွေဆို ဆေးဝါးသုံးစွဲရတာကအစ ကွာသွားတဲ့အတွက် တစ်ရက်ကို နှစ်သိန်း၊သုံးသိန်းကုန်ကျနိုင်တယ်။ လူနာရဲ့အခြေအနေပေါ်မူတည်တာပေါ့”လို့ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

ကိုဗစ်သာမန်လူနာတစ်ဦးရဲ့ ဆေးရုံတက်ရောက်ကုသချိန်က (၁၀)ရက်ဝန်းကျင်သာရှိပြီး ပြင်းထန်လူနာတွေအနေနဲ့ကတော့ ရက်(၂၀)၊ (၁)လခန့်တက်ရောက်ရတာတွေလည်းရှိနိုင်တယ်လို့ ဒေါက်တာထင်ပေါ်ကဆိုပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမယ့် လူနာတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ရောဂါလက္ခဏာ ၊ ဆေးရုံတက်ရတဲ့ရက်ပေါ်မူတည်ပြီး ကုန်ကျစရိတ်ရှိသွားမှာဖြစ်တယ်လို့လည်သိရပါတယ်။ 

ပုဂ္ဂလိက ဆေးရုံမှညတက်ရောက်ကုသမယ့် လူနာတွေကိုတော့ Test Kit နဲ့လည်း စစ်ဆေးမှာဖြစ်သလို အမျိုးသားဓာတ်ခွဲခန်းလိုမျိုး ပိုးကိုတိုက်ရိုက်စစ်ဆေးနိုင်တဲ့နည်းလမ်းနဲ့လည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒေါက်တာထင်ပေါ်ကပြောပါတယ်။ လိုအပ်တဲ့ဆေးဝါးဝယ်ယူမှုတွေနဲ့ ပတ်သက်လို့ကတော့ အစိုးရကခွင့်ပြုထားတဲ့အတိုင်း ရောင်းချတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ လိုအပ်သလောက်ဝယ်ယူခွင့်ရမှာဖြစ်တယ်လို့ သိပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်ပိုးစစ်ဆေးနိုင်ခွင့်နဲ့ ဆေးကုသခွင့်ကိုတော့ ရန်ကုန်က ပန်းလှိုင်ဆေးရုံနဲ့ N Health Myanmar ဆေးရုံတို့ကို အစိုးရက ပထမဆုံးခွင့်ပြုထားပါတယ်။ လက်ရှိဒီဆေးရုံနှစ်ခုမှာ ကိုဗစ်လူနာတွေကို ထားရှိကုသနိုင်တော့မှာ ဖြစ်သလို ကုသခွင့်ရဖို့ ကြိုးစားနေတဲ့ အခြား ဆေးရုံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က