(၂၀၂၁) ခုနှစ်အတွင်း အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ကနေ သဘာဝစိုက်ပျိုးရေးခြံတွေကိုသွားရောက်လည်ပတ်မယ့် မြစ်တွင်းသင်္ဘောခရီးစဉ်တွေကို လာမယ့် (၂၀၂၁) ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။

ရန်ကုန်မြစ်တွင်းကနေ တွံတေးမြို့ကိုသွားရောက်လည်ပတ်ပြီး အိုးလုပ်ငန်းတွေ လေ့လာတာ၊ Agri-Tourism လို့ ခေါ်တဲ့ စိုက်ပျိုးရေးခြံတွေကိုသွားရောက်ကာ ဒေသထွက်အော်ဂဲနစ်အသီးအနှံတွေကို ချက်ပြုတ်စားသောက်ပြီး လည်ပတ်တဲ့ခရီးစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။



“ မကြာခင်မှာ နေ့ချင်းပြန်ခရီးစဉ်တွေ ပြေးဆွဲဖို့ ရှိတယ်။ရန်ကုန်က မြစ်ချောင်းများစွာ ဆုံနေတဲ့နေရာ ဖြစ်တယ်။ ရန်ကုန်ကနေ တွံတေးဘက်ကို သွားဖို့ ရှိတယ်။လှိုင်မြစ်ကနေတက်သွားတဲ့ခရီးစဉ်တွေကိုလည်း ရေကြောင်းဦးစီးဌာနနဲ့ တိုင်ပင်နေတယ်။ မကြာခင်မှာ ၊ Agri-Tourism အတွက် စိုက်ပျိုးရေးခြံတွေမှာ နေ့လယ်စာစားတာ၊ဒေသထွက် အစားအသောက်တွေ ချက်ပြုတ်ပြီး ညနေကျ ပြန်လာတယ်။ အဲလိုမျိုး နေ့ချင်းပြန်ခရီးစဉ်တွေ စီစဉ်နေပါတယ်” လို့ ဦးနောင်းနောင်းဟန်က ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြစ်တွင်း နေဝင်ချိန်အလှကို ကြည့်ရှုခံစားနိုင်မယ့် အချိန် (၃) နာရီကြာ မြစ်တွင်းသဘောင်္ခရီးစဉ်တွေကို ဒီဇင်ဘာ (၂၀) ရက်မှာ စမ်းသပ်ပြေးဆွဲခဲ့ပြီး ရန်ကုန် ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဘုရင့်နောင်တံတားအနီးထိ မြစ်တွင်းသွားရောက်ခဲ့ကာ ပန်းဆိုးတန်းဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာမယ့်ခရီးစဉ်ဖြစ်ပါတယ်။ 

လာမယ့် ခရစ္စမတ်ပိတ်ရက်ကာလနဲ့ နှစ်သစ်ကူးပိတ်ရက်ကာလမှာလည်း အများပြည်သူ လိုက်ပါနိုင်မယ့် ရန်ကုန်မြစ်တွင်းသင်္ဘောခရီးစဉ်တွေကို ပြေးဆွဲမှာဖြစ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့ အညီ လူ (၁၂၀) ခန့် ဆန့်တဲ့ သင်္ဘောတစ်စီးမှာ လူ အယောက် (၃၀) ခန့်သာ လိုက်ပါရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

မြစ်တွင်းသင်္ဘောခရီးစဉ်တွေ လိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ ဒီဇင်ဘာ (၂၁) ရက်မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်ပြီး လက်မှတ်ဝယ်ယူရမှာဖြစ်ကာ လက်မှတ်ခကို တစ်သောင်းကနေ တစ်သောင်းခွဲဝန်းကျင်အထိ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ သင်္ဘောစီးခရီးသည်တွေကိုတော့ ကိုဗစ်ပိုးစစ်ဆေးမှာမဟုတ်ဘဲ သင်္ဘောပေါ်မှာ လက်ဆေးတာ၊ မက်စ်တပ်တာ စတဲ့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းနဲ့ အညီတော့ လိုက်ပါရမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။

ကိုဗစ်ကာလမှာ ထိခိုက်နစ်နာရတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည်မြှင့်တင်ဖို့ အတွက် ပထမဆုံး ရှုခင်းကြည့်လေယာဉ်ခရီးစဉ်ကိုလည်း ဒီဇင်ဘာ (၂၀) ရက်က ရန်ကုန်- ဘားအံ-ကျိုက်ထီးရိုး-ဘားအံ-ရန်ကုန် ဝေဟင်ကြည့်ခရီးစဉ်ကို ပထမဆုံးအကြိမ်ပျံသန်းပြေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။

လေယာဉ်ခရီးစဉ် လိုက်ပါလိုတဲ့ ခရီးသည်တွေကတော့ ကိုဗစ်ပိုးကင်းရှင်းကြောင်း ထောက်ခံချက်ပါရမှာဖြစ်ပြီးနောက်ပိုင်းမှာလည်း မိသားစုလိုက် သွားလိုတဲ့ခရီးသည်တွေအတွက်လည်း (၁၀) ဦးခန့် လိုက်ပါနိုင်တဲ့ စင်းလုံးဌားလေယာဉ်ခရီးစဉ်တွေ ပြေးဆွဲပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က