Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang ရေးသားသည်

မြန်မာနိုင်ငံ၏ လူလတ်တန်းစား အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့် နိုင်ငံတွင်း လူငယ်လူရွယ်များအကြား နည်းပညာကို လက်ခံအသုံးပြုလာမှု မြန်ဆန်လာခြင်းတို့ကြောင့် အခြေခံအဆောက်အအုံများနှင့် နည်းပညာကွန်ယက် ကဏ္ဍပိုင်းတွင် ယခင်သုံးစွဲနေကျ နည်းလမ်းများထက် သာလွန်ကောင်းမွန်သည့် အခြေအနေရှိသော ခေတ်မီ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့နေရသည်။ နှစ်အနည်းငယ်အတွင်းမှာပင် မြန်မာနိုင်ငံသည် နည်းပညာနိမ့် ကြိုးဖုန်းစနစ်မှ တစ်နိုင်ငံ လုံး 4G ကွန်ယက် အသုံးပြုနိုင်မှု အခြေအနေ၊ သာမန်အိမ်ဆိုင် ရောင်းဝယ်ရေး အခြေအနေမှ eCommerce စနစ်တစ်ခု ဖန်တီးတည်ဆောက်နိုင်ခြင်း အခြေအနေအထိ ရုတ်ခြည်းတိုးတက်လာခဲ့သည်။

Visa အနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနိုင်ငံ တစ်နိုင်ငံ အဖြစ် ရှုမြင်သည့်အတွက် ငွေကြေးကဏ္ဍတွင်သာမက လက်လီရောင်းချသူ မိတ်ဖက်များအတွက်ပါ အထောက်အကူ ဖြစ်စေ ရန်ရည်ရွယ်ပြီး သုံးစွဲသူများအကြောင်း လေ့လာမှု စစ်တမ်းများ ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ Visa ၏ နောက်ဆုံး စစ်တမ်း ဖြစ်သော “Visa သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း လေ့လာဆန်းစစ်ချက် (“လေ့လာဆန်းစစ်ချက်) တွင် မြန်မာနိုင်ငံမှ ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ခုနစ် နိုင်ငံရှိ Visa သုံးစွဲသူ ပေါင်း ၅,၁၀၂ ဦး ၏ ငွေပေးချေမှု အလေ့အထနှင့် သဘောထားများကို လေ့လာထားသည့် အချက်အလက်များ ပါဝင်သည်။ လေ့လာဆန်းစစ်ချက်မှ အဓိက တွေ့ရှိချက်များကို ဒစ်ဂျစ်တယ်ငွေပေးချေမှုများ၏ အကျိုးကျေးဇူးများ အကြောင်း ဆွေးနွေးခြင်းများ ဖြစ်ပေါ်လာစေရန်နှင့် ငွေသား ကိုင်ဆောင်သုံးစွဲမှု ကင်းစင်သည့် နိုင်ငံသို့ လျှောက်လှမ်းမည့် မြန်မာနိုင်ငံ၏ ခရီးစဥ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလိမ့်မည်ဆိုသည့် မျှော်လင့်ချက်များ ဖြင့် Visa မှ မျှဝေခဲ့ခြင်းဖြစ်သည်။   

ကတ်ဖြင့် ငွေပေးချေမှုများသည် ခိုင်မာသည့် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်လာသည် 

မြန်မာနိုင်ငံမှ စစ်တမ်းဖြေဆိုကြသူများအနက် ၂၄ ရာခိုင်နှုန်းသည် Credit ကတ် သို့မဟုတ် Prepaid ကတ် ကိုင်ဆောင်သူများဖြစ်ပြီး ကတ်သုံးစွဲသူ ၄ ဦးတွင် ၃ ဦး (၇၁ ရာခိုင်နှုန်း) သည် ကတ်များကို အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ပုံမှန်အသုံးပြုကာ ငွေပေးချေမှု ပြုလုပ်ကြောင်း ဖြေဆိုကြသည်။ ထို့အပြင် လူ ၄ ဦးလျှင် ၁ ဦး (၂၉ ရာခိုင်နှုန်း) သည် ငွေပေးချေမှုကတ်များကို နိုင်ငံခြားသို့ သွားလာရာတွင် အသုံးပြုရန် ပိုမိုလိုလားကြသည်ဟု ဖြေဆိုပြီး ၇၂ ရာခိုင်နှုန်းက အဓိက အကြောင်းပြချက်အဖြစ် အဆင်ပြေမှုကို ဖြေဆိုခဲ့ကြကာ ၂၅ ရာခိုင်နှုန်းက ဘေးကင်းလုံခြုံမှုနှင့် ပိုမိုကျယ်ပြန့်သော ကတ်အသုံးပြုမှုအဖြစ် ဖြေဆိုခဲ့ကြသည်။ လတ်တလောကာလတွင် နိုင်ငံခြားခရီးစဉ်များ သွားလာကြမည် မဟုတ်သော်လည်း eCommerce အရောင်းအဝယ် လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသော ငွေပေးချေမှုစနစ်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည့်အတွက် ကတ်သုံးစွဲမှုမှာ ဆက်လက်တိုးတက်လာမည်ဖြစ်ကြောင်း Visa မှ မျှော်လင့်ထားသည်။ 

ဖြေဆိုသူအားလုံးနီးပါး (၉၇ ရာခိုင်နှုန်း) သည် နေ့စဉ်ဘဝတွင် ငွေသားကိုင်ဆောင်အသုံးပြုလျက်ရှိနေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံသည် ငွေသားကိုအမှီပြု လည်ပတ်နေသော စျေးကွက်စီးပွားရေးစနစ်အဖြစ် ဆက်လက် ရပ်တည်နေသော်လည်း ၁၆ ရာခိုင်နှုန်းကမူ လွန်ခဲ့သော ၂ နှစ်ကထက် ပိုမိုနည်းပါးသော ငွေသားပမာဏကို ကိုင်ဆောင်အသုံးပြုလာကြသည်ဟု ဖြေဆိုခဲ့သည်။ သုံးစွဲသူ သုံးပုံတစ်ပုံက (၃၅ ရာခိုင်နှုန်း) ငွေသားထုတ်ယူခြင်းကို အလွယ်တကူ ပြုလုပ်နိုင်သောကြောင့် ၎င်းတို့အနေဖြင့် ငွေသားအနည်းငယ်သာ ကိုင်ဆောင်ကြသည်ဟု ဖြေဆိုကြသည်။ စိတ်ဝင်စားစရာ အချက်မှာ ဖြေဆိုသူ ၅၉ ရာခိုင်နှုန်းက ငွေပေးချေမှုကတ်များကို ပိုမိုအသုံးပြုလာကြသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။    

သုံးစွဲသူ ၅ ဦးတွင် ၃ ဦး (၆၂ ရာခိုင်နှုန်း) သည် လာမည့် ၁၂ လအတွင်း ငွေသားမဲ့ ငွေပေးချေမှုနည်းလမ်းများကို ပိုမို အသုံးပြုသွားနိုင်မည်ဟု စိတ်ကူးမျှော်လင့်ထားကြောင်း ဖြေဆိုခဲ့ကြသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမို လက်ခံလာကြပြီး ကတ်များကို နေရာအများအပြားတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြသည်ကို တွေ့ရှိရသည့် အတွက် မြန်မာနိုင်ငံအနေဖြင့်ငွေသား သို့မဟုတ် ATM စက်များကို အမှီအခိုပြုသုံးစွဲနေရမှုကို ကျော်လွှားပြီး ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်ငွေပေးချေစနစ်မှ တစ်ဆင့် ငွေသားကိုင်ဆောင်သုံးစွဲမှု အမှန်တကယ် ကင်းစင်သည့် နိုင်ငံဖြစ်လာရန်အတွက် အလားအလာကောင်းများ ရှိနေသည်။   

ဖြေဆိုသူထက်ဝက်ကျော်သည် 'Tap to Pay' စနစ်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိကြသည်

Contactless ကတ်ဟူသည်မှာ ငွေပေးချေကတ် ပုံစံအသစ်တစ်မျိုးဖြစ်သည်။ သုံးစွဲသူများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များအတွက် ငွေပေးချေရာတွင် အရောင်းကောင်တာများရှိ ငွေပေးချေသော စက်များကို ကတ်ဖြင့် ထိလိုက်ရုံဖြင့် အလွယ်တကူ ငွေပေးချေနိုင်မည်ဖြစ်သည်။ ထိုသို့ ထိရုံဖြင့် ငွေပေးချေနိုင်သောကြောင့် ပိုမိုအဆင်ပြေ မြန်ဆန်သော ငွေပေးချေမှု အတွေ့အကြုံ ရရှိနိုင်ပြီး ကတ်ကိုင်ဆောင်သူအနေနှင့် မိမိကတ်ကို တခြားသူ လက်ထဲသို့ ပေးရန် မလိုအပ်သည့်အပြင် လက်မှတ်၊ PIN တို့လည်း မလိုအပ်ဘဲ ကိုယ်တိုင်ပြုလုပ်နိုင်မည့်အတွက်ကြောင့် ပိုလုံခြုံစိတ်ချရသည့် ငွေပေးချေမှု ပုံစံတစ်မျိုး ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ သုံးစွဲသူထက်ဝက်ကျော် (၅၂ ရာခိုင်နှုန်း) သည် ဤ နည်းလမ်းကို အကျွမ်းတဝင် ရှိသည်ဟု ဖြေဆိုခဲ့ကြပြီး ယခင်လေ့လာမှုစစ်တမ်းတွင်မူ အဆိုပါ နည်းလမ်းကို သုံးစွဲသူ ၂၁ ရာခိုင်နှုန်းကသာ သိရှိကြောင်းတွေ့ရှိခဲ့ရသည်။ ထို့အပြင် ယခုအခါ မြန်မာနိုင်ငံသားသုံးစွဲသူ ၇၂ ရာခိုင်နှုန်းသည် Contactless ကတ်များကို အသုံးပြုရန် စိတ်ဝင်စားကြပြီး အဆိုပါ အချက်သည် ယခင်နှစ်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုများပြား လာခြင်းဖြစ်သည်။ စားသုံးသူများနှင့် ကုန်သည်များသည် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားစဥ်ကပင် ငွေပေးချေရန်နှင့် ငွေလက်ခံ ရရှိရန်အတွက် ထိတွေ့မှုနည်းပြီး ပိုမိုသန့်ရှင်းသော နည်းလမ်းများကို ရှာဖွေလာကြသည့်အတွက် မြန်မာနိုင်ငံအတွင်း Contactless အသုံးပြုမှုသည် ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း တွေ့မြင်ခဲ့ရသည်။ ကမ္ဘာအနှံ့ရှိ အခြားဈေးကွက် များတွင် ကျင့်သုံးခဲ့သော လုပ်ဆောင်ချက်များကို အခြေခံပြီး မြန်မာနိုင်ငံတွင်း သုံးစွဲသူများသည် ကူးစက်ရောဂါပြီးဆုံး သွားပါကလည်း ငွေသားကိုင်ဆောင်ပြီး ငွေပေးချေခြင်းအစား ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကိုသာ ဆက်လက် အသုံးပြု သွားရန်ရှိသည်။

ထို့အပြင် ဖြေဆိုသူ သုံးပုံတစ်ပုံ (၃၇ ရာခိုင်နှုန်း) သည် Mobile Contactless များ (စမတ်ဖုန်းများရှိ Virtual Cards များဖြင့် လက်လီအရောင်းဆိုင်များတွင် ငွေပေးချေသောနည်းလမ်း) နှင့် ရင်းနှီးကျွမ်းဝင်ကြပြီး မြန်မာနိုင်ငံ၏ သုံးစွဲသူ ၆၉ ရာခိုင်နှုန်း သည် Mobile Contactless နည်းလမ်းကိုလည်း စိတ်ဝင်စားကြကြောင်းတွေ့ရှိရသည်။ ထိုသို့ နည်းပညာတိုးတက်လာခြင်းအပေါ် သုံးစွဲသူများ ကြိုက်နှစ်သက်ပြီး အကောင်းမြင်ကြသည့်အတွက် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အကြောင်း သုံးစွဲသူများ ပိုမိုသိရှိနားလည်လာစေရန် ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံကို ငွေသားကိုင်ဆောင်အသုံးပြုရန် မလိုသည့် နိုင်ငံအဖြစ် ပြောင်းလဲရေးကို အရှိန်မြှင့်တင် ပေးနိုင်မည်ဖြစ်သည်။ 

အသုံးပြုရ အဆင်ပြေမှုသည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းကို စိတ်ဝင်စားမှုမြင့်တက်စေသော အဓိကသော့ချက်ဖြစ်သည် 

Visa ၏ ယခင်လေ့လာမှုစစ်တမ်းတွင် မြန်မာနိုင်ငံရှိ သုံးစွဲသူ ၅၉ ရာခိုင်နှုန်းသည် ဘဏ်စာရင်းပင် မရှိခဲ့ကြောင်း တွေ့ရှိ ရသည်။ ယခုနှစ် စစ်တမ်းတွင် ဘဏ်စာရင်း မရှိသေးသူများအတွက် နည်းပညာအကူအညီဖြင့် ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို ပြောင်းလဲ လေ့လာခဲ့သည်။ မြန်မာနိုင်ငံရှိ သုံးစွဲသူများအနက် ၂၇ ရာခိုင်နှုန်းကသာ ဤဝန်ဆောင်မှုအသစ်ကို သတိပြုမိသော်လည်း အဆိုပါ အရေအတွက်၏ နှစ်ဆကျော် (၅၈ ရာခိုင်နှုန်း) သည် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို စိတ်ဝင်စားကြောင်း ဖြေဆိုခဲ့ကြသည်။ စိတ်ဝင်စားရသည့် အဓိက အကြောင်းရင်းများတွင် သမားရိုးကျ ဘဏ်ဝန်ဆောင်မှုများထက် မြန်ဆန်မှုနှင့် အဆင်ပြေချောမွေ့မှု (၄၀ ရာခိုင်နှုန်း) ၊ ဘဏ်ခွဲများတွင် တန်းစီစောင့်ဆိုင်းစရာ မလိုတော့သည့်အတွက် အချိန်ကုန် လူပင်ပန်း သက်သာမှု (၃၂ ရာခိုင်နှုန်း) နှင့် နည်းပညာ အသစ်အဆန်းတစ်ခုကို အသုံးပြုကြည့်ချင်လိုစိတ် (၂၈ ရာခိုင်နှုန်း) ဟူ၍ အသီးသီး ပါဝင်ခဲ့ကြသည်။  

ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ အသုံးပြုခြင်း၏ အခြားအကျိုးကျေးဇူးတစ်ခုမှာ သုံးစွဲသူများအနေဖြင့် ကိုယ်ရေး အချက်အလက်များကို ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်သည့် ပွင့်လင်းသော ဘဏ်လုပ်ငန်း (Open Banking) ဖြစ်သည်။ မြန်မာနိုင်ငံရှိ သုံးစွဲသူ အများစုသည် ၎င်းတို့၏ ငွေကြေးဆိုင်ရာ အချက်အလက်များကို ဘဏ်များနှင့် အစိုးရဌာနများသို့ ပေးရန် ယုံကြည်ကြကြောင်းကို (၈၀ ရာနှုန်းနှင့် ၇၉ ရာခိုင်နှုန်း အသီးသီး) တွေ့ရှိခဲ့ရသည်။ ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက ပွင့်လင်းသောဘဏ်လုပ်ငန်းများ (Open Banking) မှ အကျိုးကျေးဇူးများအနေဖြင့် သာလွန်ကောင်းမွန်သော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပိုမိုမြန်ဆန်သော ဝန်ဆောင်မှုနှုန်းကို မျှော်လင့်သည်ဟု တူညီစွာ ဖြေဆိုခဲ့ကြသည်။ အဆိုပါ အချက်နှစ်ချက်သည် မြန်မာနိုင်ငံရှိ ဘဏ်စာရင်းမရှိသေးသူများနှင့် ဘဏ်စာရင်းရှိသူများကြား အားကောင်းသော ဝန်ဆောင်မှုများ ရရှိစေဖို့ မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ 

ယခင်ကထက် ပိုမို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည် 

Visa အနေဖြင့် မြန်မာနိုင်ငံသို့ လုပ်ငန်းစတင်တည်ထောင်စဥ်ကတည်းက ငွေကြေးဆိုင်ရာ စည်းမျဉ်းဆောင်ရွက်ကြသူများနှင့် စီးပွားရေး ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်အောင် ဖန်တီးပေးခဲ့သည့်အပြင် ပြည်သူများကိုလည်း ငွေသားကိုင်တွယ် အသုံးမပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးခံစားခွင့်များနှင့် ကိုယ်ပိုင်ငွေရေးကြေးရေး၏ အရေးကြီးပုံကို ပညာပေးခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ Visa အနေဖြင့် အနာဂတ်တိုးတက်မှုအတွက် ငွေကြေးပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခု ချမှတ်ဆောင်ရွက်နေသည့်အလျောက် လာမည့်နှစ်များအတွင်း Visa ၏ ဆောင်ရွက်ချက်များကို ကူညီလမ်းညွှန်ပေးရန် အားထုတ်ပူးပေါင်းမှုများ ယခင်ကထက် ပိုမိုလိုအပ်လျက်ရှိနေသည်။ Visa Myanmar သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် ငွေပေးချေမှုနှင့် အရောင်းအဝယ်ပြုလုပ်မှုပုံစံများ၊ ယုံကြည်စိတ်ချရသော ငွေပေးချေမှု ကွန်ရက်မှ တစ်ဆင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ပိုမိုများပြားသော ဖောက်သည်များ၊ ကမ္ဘာ့စျေးကွက်များနှင့် ချိတ်ဆက်ပေးရန်တို့အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးရန် ကတိကဝတ်ပြု ကြိုးစား ဆောင်ရွက်လျက် ရှိသည်။ 

Visa သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာအလေ့အထများအကြောင်း လေ့လာဆန်းစစ်ချက်မှ တွေ့ရှိချက်များကို ပိုမိုသိရှိလိုပါက သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း အစီရင်ခံစာကို https://myanmar.visa.com/dam/VCOM/regional/ap/myanmar/newsroom/documents/visa-cpa-report-complete.pdf နှင့် https://myanmar.visa.com/about-visa/newsroom.html တို့မှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။  

###

နည်းဥပဒေသ။  ။ Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက်ကို  Visa ကိုယ်စား ENGINEinsights မှ ၂၀၁၉ သြဂုတ်လတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတို့တွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လစဉ်ဝင်ငွေ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ ရရှိသော အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိ ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံ (၇) နိုင်ငံမှ သုံးစွဲသူ စုစုပေါင်း ၅,၁၀၂ ဦး တို့ကို စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ 

Visa အကြောင်း

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။



က္က