ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်မှာ ကိုဗစ်-၁၉ ဖြစ်စေတဲ့ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံမှာလည်း လက်ရှိကူးစက်နေတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇတစ်ခုလုံးကို ဆက်လက်စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“ ဗီဇပြောင်းတာက ယူကေတစ်ခုတည်းမှာဖြစ်တယ်လို့ ပြောလို့မရဘူး။ တခြားနိုင်ငံတွေမှာလည်းဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ကလူတွေထဲမှာ ပျံ့နှံ့ရင်းဗီဇပြောင်းသွားတာလေ။ ပြောင်းသွားတယ်ဆိုတော့ ဟိုမှာဖြစ်တယ်ဆိုတော့ ဒီမှာရောဖြစ်လား။ ဒါမှမဟုတ်ရင် တခြားနိုင်ငံတွေမှာရောဖြစ်သလားဆိုတာ ဆန်းစစ်ကြည့်ရတာပေါ့။ အဲဒါကြောင့် နိုင်ငံတွေအားလုံးက ဗီဇကိုစစ်ဆေးနေကြတာပါ။ “လို့ မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။



ကိုဗစ်-၁၉ ကိုဖြစ်ပွားစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးက ဗိုင်းရပ်စ်ပိုးတို့ရဲ့ သဘောသဘာဝအရဗီဇပြောင်းလဲမှု အသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရောဂါကူူးစက်ပျံ့နှံ့မှုတွေ တွေ့ရှိနေတယ်လို့လည်း ဒီဇင်ဘာ (၁၄) ရက်က အဆိုပါ နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI- 202012/01 လို့ ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးတွေထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်တာကို တွေ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်မှု ပိုမိုလာတယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရသေးကြောင်း သိရှိရကြောင်း၊ အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇပြောင်းလဲမှုအသစ်ကို ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေးစမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနက မြန်မာနိုင်ငံမှာ တွေ့ရတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇတစ်ခုလုံး (whole genome sequence) ကို လေ့လာတဲ့ သုတေသနပြုမှုတွေ ကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇတစ်ခုလုံးကိုလည်း ဆေးသုတေသနဦးစီးဌာနက ဆက်လက်စစ်ဆေးလေ့လာသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပိုမိုလျင်မြန်စွာကူးစက်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိနေရတာကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းတွေကို အခုထက်ပိုပြီး တိကျစွာ လိုက်နာကြဖို့ လိုအပ်တယ်လို့ ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိ ဗြိတိန်မှာ ကူးစက်မှု မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) အသစ်ကို မထိန်းချုပ်နိုင်ဖြစ်နေတာကြောင့် ခရစ်စမတ်ကာလအတွင်း လန်ဒန်တစ်မြို့လုံး အပါအဝင် အင်္ဂလန်ရဲ့ နေရာတွေနဲ့ ဝေးလ်တို့မှာ ပိုမိုတင်းကျပ်တဲ့ lockdown သတ်မှတ်လိုက်တယ်လို့လည်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ကြေညာထားပါတယ်။

အစောပိုင်း လေ့လာမှုတွေအရ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၁၉ ရက် ရုပ်မြင်သံကြားမှတစ်ဆင့် ရှင်းလင်းပြောကြားမှုအတွင်း ပြောခဲ့ပါတယ်။ ဗြိတိန်မှာ COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လျင်မြန်စွာ မြင့်တက်ဖြစ်ပွားနေတာကြောင့် နိုင်ငံ ၉ ခုထက်မနည်းက ဗြိတိန်သို့ ခရီးသွားလာမှု ကန့်သတ်လိုက်ကြောင်းလည်း သိရပါတယ်။

နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဩစတြီးယား၊ အစ္စရေးနဲ့ အိုင်ယာလန်တို့က ဗြိတိန်သို့ ခရီးသွားလာမှုများ ကန့်သတ်ထားပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်ပြီဖြစ်ပြီး သေဆုံးသူ ၆၇,၀၀၀‌ ကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က