တစ်ဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ Alphard ယာဉ်တစ်စီးကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၉နာရီဝန်းကျင်က လှိုင်မြို့နယ် ၊ ပြည်လမ်း ၊ ကျောင်းကွေ့မှတ်တိုင်အနီးမှာ YBS 37ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ Alphard ယာဉ်တစ်စီးကို တိုက်မိခဲ့ပြီး မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီလို ဖြစ်ပွားခဲ့တာဟာ YBS 37 ယာဉ်မောင်းက မောင်းနှင်နေစဉ် လေဖြတ်သွားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ခရီးသည် နဲ့ ရဲတပ်ဖွဲ့ရဲ့ ပြောဆိုမှုအရ သိရတယ်လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၊အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။



Photo Credit - Than Tin Oo

" စိစစ်နေတယ်ဆိုတာက ဆေးဘက်က အထောက်အထားတွေကို မေးနေတယ် ။ ဖြစ်သွားလို့ ဟိုဘက်ကို ရောက်ပြီး တိုက်မိတာလား ၊ ဖြစ်သွားပြီးတော့မှ ဒီဘက်က ဖြစ်တာလားဆိုတာ ။ ဖြစ်တဲ့အချိန်ပေါ်မူတည်ပြီး မေးနေတယ် ။ ခရီးသည်တစ်ယောက်ကလည်း ပြောတယ်တဲ့ ဒရိုင်ဘာကြီးက လေဖြတ်သလိုဖြစ်သွား တယ်ပေါ့ ။အဲဒါနဲ့ ရဲကို မေးကြည့်တော့ သူတို့ရောက်တဲ့ အချိန်မှာတော့ ဒရိုင်ဘာကြီးကို လူနာတင်ယာဉ်က ကောင်လေးတွေက နှိပ်နယ်ပေးနေတာ တွေ့ရတယ်တဲ့ ။ အဲဒါနဲ့ တာဝန်ရှိသူတွေလိုက်သွား ၊ ဆေးရုံမပို့ခင်မှာ ရဲကို သေချာ ဖြစ်စဉ်မေး ၊ ဆေးရုံမှာ တစ်ခါမေး။ အဲဒီလိုတော့ မေးခိုင်းထားတယ် ။ ဖြစ်တဲ့ဒရိုင်ဘာကတော့ ဆေးရုံပို့ထားတယ်။ ရဲတွေဘက်က သုံးသပ်တာကလည်း အဲဒီလိုဖြစ်လို့ သူ့ကားက ဟိုဘက်ဆွဲသွားတယ် လို့ပဲတော့ သုံးသပ်ထားတယ် " လို့ ဦးလှအောင်က Duwun ကို ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်မှာ ယာဉ်မောင်းအနေနဲ့ အရှိန်ပြင်း မောင်းနှင်တာမျိုးမရှိခဲ့တဲ့အတွက် ယာဉ်နဲ့ ယာဉ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့ဘူးလို့လည်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက သိရပါတယ်။

လက်ရှိမှာတော့ ယာဉ်မောင်းကို လှိုင်မြို့နယ်ရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ထားပေမယ့်လည်း ဆေးကုသခွင့်အတွက် အာမခံလုပ်ဆောင်ထားပြီး ယာဉ်မောင်းကို မြောက်ဥက္ကလာဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က