မြန်မာလုပ်သားတွေရှိတဲ့ မဟာချိုင်ရှိပုဇွန်ဈေးကို လော့ဒေါင်းလုပ်ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေတွေ တစ်ကျော့ပြန် ဖြစ်ပွားနေပြီး ဒီဇင်ဘာ (၁၉) ရက်ကနေ (၂၂) ရက်အတွင်း ပိုးကူးစက်ခံသူ (၁,၀၀၀) ကျော်မှာ မြန်မာရွှေ့ပြောင်းလုပ်သား (၉၀) ရာခိုင်နှုန်းကျော်ပါဝင်နေတယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား အရေးကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

ကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၉၀) ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံ ဆာမက်ဆာခွန်ခရိုင် မဟာချိုင်ဒေသက ပုဇွန်လက်ကားဈေးကြီးမှာ နေထိုင်အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး လက်ရှိမှာ အဲဒီပုဇွန်လက်ကားဈေးကြီးရဲ့ ဝင်ပေါက်ကို သံဆူးကြိုးတွေနဲ့ ပိတ်ဆို့၊ လော့ဒေါင်းပြုလုပ်ထားပြီး စစ်တပ်က လုံခြုံရေးရယူစောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။



“ ပုဇွန်ဈေးက သုံးဘက်လုံးကို အုတ်တံတိုင်းကာထားပြီးသား။ ကျန်ခဲ့တဲ့ ဈေးထိပ်ဝင်ပေါက်ကို သံဆူးကြိုးတွေ ချထားတယ်။ စစ်တပ် လုံခြုံရေးစောင့်တယ်။ ကျန်းမာရေးဝန်ထမ်းတွေစောင့်တယ် ။ အထဲက လူကို အပြင်ပေးမထွက်ဘူး။ အပြင်က လူလည်း အထဲပေးမဝင်ဘူး။ အဲဒီဈေးဝင်းထဲမှာ ရောဂါကူးစက်ခံရသူတွေရော၊ မကူးစက်ခံရသူတွေ ရော ရောထားတော့ အခက်အခဲဖြစ်တာပေါ့။ ဒီမှာက မြန်မာလုပ်သားတွေက မိသားစုလိုက် လာနေကြတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေလည်းရှိနေတယ်။ ရောဂါပိုးတွေ့တဲ့သူတွေကို လာလည်းမခေါ်ဘူး။ မြန်မာပြည်မှာဆိုရင် သီးသန့်ထားလိုက်တယ်။ အခု ဒီမှာက အဲလိုမဟုတ်ဘဲ ပိတ်ထားပြီးတော့ အကုန်လုံး ရောနေနေရတယ် ။ အဲဒီအခက်အခဲတော့ ဖြစ်တာပေါ့” လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့  စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးက Duwun ကို ပြောပါတယ်။

မဟာချိုင်က ပုဇွန်လက်ကားဈေးကြီးအတွင်းမှာ လူ အယောက် (၄,၀၀၀) ကျော်နေထိုင်နေတဲ့အနက် အယောက် (၁,၀၀၀) ခန့်ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးခဲ့ရာ (၅,၀၀) ကျော်မှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

လောလောဆယ်ကတော့ မဟာချိုင်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဈေးဆိုင်တွေကို အချိန်နဲ့ ဖွင့်ခိုင်းတာ၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ ရောင်းရတာ၊ အလုပ်သမားတွေကို အပြင်ပေးမထွက်တာ စတဲ့အခြေအနေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ လော့ဒေါင်းလုပ်ပြီး ပိတ်ဆို့ထားတဲ့ ပုဇွန်လက်ကားဈေးဝင်းအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်စားသောက်ရေးတွေကို ထိုင်းကြက်ခြေနီတွေ၊ အလုပ်ရှင်တွေနဲ့ ထိုင်းရောက်မြန်မာလုပ်သားရေးကူညီပေးတဲ့အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဲဒီအလုပ်သမားတွေ လုပ်ခလစာ အပြည့်အဝရရေးကိုလည်း ကူညီပေးသွားဖို့ရှိနေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့  စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးက Duwun ကို ပြောပါတယ်။

 “ သူတို့ အလုပ်ရှင်တွေက လုပ်အားခပေးရလား ဆိုတာ စုံစမ်းမေးမြန်းထားတယ်။ အခုအလုပ်ရှင်တွေက ဥပဒေအတိုင်း လုပ်အားခတွေ ပေးမယ်လို့ ပြောတယ်။ အဲဒါကို စောင့်ကြည့်ရမယ်။ တကယ်လို့ အလုပ်သမားတွေ လစာမရဘူးဆိုရင်တော့ တောင်းပေးရမှာပေါ့” လို့ ဦးစိန်ဌေးက ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်ပိုးတွေ့လူနာတွေကိုတော့ ထိုင်းနိုင်ငံ၊ ဆာမက်ဆာခွန်ဒေသအနီးက အလုံပိတ်နေရာတစ်ခုမှာ ကုတင် (၁၀၀) ဆန့် ယာယီဆေးရုံတည်ဆောက်ပြီးပြောင်းရွှေ့ပေးဖို့စီစဉ်ထားတယ်လို့ လည်း ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုက ဇူလိုင်လအလယ်ပိုင်းမှာ အနည်းငယ်ကျဆင်းခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာ၂၁ရက်နေ့မှာတော့ စံချိန်တင်အရေအတွက်အဖြစ် (၈၀၉)ဦးတွေ့ခဲ့ပြီး ၆၀၀ကျော်က မြန်မာလူမျိုးတွေဖြစ်တယ်လို့ ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က