အစိုးရက တားမြစ်ထားခြင်းမရှိသလို ပြေးဆွဲနိုင်ဖို့ လမ်းညွှန်ချက်တွေပါ ချထားပေးပြီးသား ဖြစ်တယ်လို့ သိရပါတယ်။
Htar Htar Wai

အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်မပြုသေးတဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေရှိနေမယ့် လက်တွေ့မှာတော့ စီးနင်းမယ့် ခရီးသည်အလွန်နည်းပါးတဲ့အတွက် ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ အဝေးပြေးတာဝန်ခံက Duwun ကို ပြောပါတယ်။

ခရီးသည်တွေအနေနဲ့ အဝေးပြေးယာဉ်လိုင်းတွေ မပြေးဆွဲမှုကို ထောက်ပြနေပေမယ့် တကယ်တမ်းမှာတော့ ခရီးသွားလာဖို့အတွက် ကိုဗစ်စစ်ဆေးမှုတွေ လုပ်ဆောင်ရမှာဖြစ်သလို သွားရောက်လိုတဲ့ဒေသမှာ ကွာရန်တင်းနေထိုင်ရမှာဖြစ်တဲ့ အချိန်လေလွင့်မှုတွေရှိနေတာကြောင့် ခရီးမသွားကြဘူးလို့ အဝေးပြေးတာဝန်ခံက သုံးသပ်ပြောကြားလိုက်တာပါ။ 

" ခရီးသည်ရှိရင် ပြေးဆွဲမှာပေါ့။ကားတွေက အားလုံးအသင့်ဘဲ ။ ဒရိုင်ဘာလည်းရှိတယ် ကားလည်းအသင့်ရှိတယ်။ခရီးသည်မရှိလို့ မပြေးရတာလေ။ခရီးသည်တွေဘာလို့မရှိလဲ မေးရင် ရန်ကုန်ကလည်း stay home ၊ ခရီးသွားမယ့်လူတစ်ယောက်က ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ပါရမယ် ။ အဲဒါကို စစ်ဆေးခံရမယ့် ကုန်ကျစရိတ်ရှိမယ်။ပြီးတော့ ဒီထောက်ခံချက်နဲ့ သွားလည်း ဟိုတစ်ဖက် တိုင်းနဲ့ပြည်နယ်ရောက်ရင် ကွာရန်တင်းဝင်ရဦးမယ်ဆိုတော့ အချိန်က ဆယ့်လေးရက်လောက်က ပုပ်ဦးမယ်။အဲဒီတော့ မသွားကြဘူး။အဲဒီလို တွက်ပြီး မသွားကြတာ ။ သွားမယ်ပြောနေတဲ့သူတွေက ပါးစပ်ကပဲပြောတာ လက်တွေ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်ကြရမယ်လေ " လို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTA) အဝေးပြေးတာဝန်ခံ ဦးဘမြင့်က Duwun ကို ပြောပါတယ်။

ယာဉ်လိုင်းတွေကို ပြေးဆွဲမှုကို ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာတဲ့ သြဂုတ်လဝန်းကျင်ကတည်းက ရပ်နားခဲ့ကြတာဖြစ်ပြီး ဒီလို ရပ်နားဖို့အတွက်လည်း ယာဉ်လိုင်းတွေကို အစိုးရက တရားဝင်ထုတ်ပြန် ညွှန်ကြားခဲ့ခြင်းမရှိဘူးလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေ ပြောကြားချက်အရ သိရပါတယ်။

" ဒီယာဉ်လိုင်းကို မပြေးဆွဲပါနဲ့လို့ ထုတ်ထားတဲ့စာ တစ်စောင်မှ မရှိဘူး။သို့သော် ပြေးဆွဲရင်တော့ ယာဉ်လိုင်းကုမ္ပဏီက ဘာလုပ်ရမယ် ၊ မောင်းတဲ့လူက ဘာလုပ်ရမယ် ၊ ခရီးသည်က ဘာလုပ်ရမယ် ၊ ကြီးကြပ်တဲ့သူက ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားချက်အကုန်ပေးထားတယ် ။ဒါတွေနဲ့ ညီညွတ်ရင် သွားလို့ရတယ်။ပိတ်ချင်တယ်ဆို ဒါတွေဘယ်ထုတ်ထားစရာလိုမလဲ " လို့ YRTA အတွင်းရေးမှူး ဦးလှအောင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အဝေးပြေးယာဉ်တွေက ခရီးသည်တင်ယာဉ်အနေနဲ့ မပြေးဆွဲဘဲ တန်ဆာကုန်တင် ယာဉ်တွေအဖြစ် ပြေးဆွဲမှုအနည်းငယ်ရှိနေပြီး ကျန်းမာရေးထောက်ခံချက်ပါရှိတဲ့ ခရီးသည်တွေကိုတော့ တန်ဆာကုန်တင်ယာဉ်နဲ့ ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က