ပရိဘောဂ စက်ရုံနဲ့ ဖိနပ်စက်ရုံတို့ ပိတ်သိမ်းခဲ့တာပါ။

ကိုဗစ်-၁၉ဂယက်ကြောင့် နိုင်ငံရ်ခြားကို ကုန်ချောပို့ဆောင်မှုအခက်အခဲရှိနေတဲ့အတွက် ပဲခူးစက်မှုဇုန်က စက်ရုံ နှစ်ခု ဒီဇင်ဘာလကုန်က စပြီး ယာယီပိတ်သိမ်းမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဝန်ထမ်းတွေကို တဖြည်းဖြည်းလျော့ချနေပြီး ဒီဇင်ဘာနောက်ဆုံးအပတ်မှာ စက်ရုံတွေကို ပိတ်သိမ်းသွားဖို့ ရှိတယ်လို့ ပဲခူးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်က Duwun ကိုပြောပါတယ်။



“အဓိက အခက်အခဲကတော့ ကုန်ချောပို့ဆောင်ရတာ အခက်အခဲဖြစ်တာပါပဲ။ ပဲခူးစက်မှုဇုန်က စက်ရုံအများစုအနေနဲ့ ကုန်ချောတွေကို ဥရောပနိုင်ငံကိုပို့တာဆိုတော့၊ တစ်ဖက်နိုင်ငံက ကုန်စည်ပို့ဆောင်မှု လက်မခံတော့ ဒီဘက်ကစက်ရုံတွေကလည်း အခက်အခဲဖြစ်တာပေါ့။ အခုလက်ရှိတော့ ပိတ်မယ့်စက်ရုံ နှစ်ခုရှိတယ်။ နောက်ပိုင်းမှာလည်း တခြားစက်ရုံတွေအနေနဲ့ တစ်ဖက်က လက်မခံဘူးဆိုရင် အခက်အခဲတွေရှိလာနိုင်တယ်”လို့ ဦးဟိန်းထက်ကပြောပါတယ်။

ဥရောပဘက် က ကုန်စည်တွေ လက်ခံနိုင်ခြင်းမရှိတာက လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါအပြင် အမျိုးမတူကွဲပြားတဲ့ ပိုးတစ်ခုထပ်တွေ့ပြီး နိုင်ငံတွင်း ကူးစက်မှုတွေရှိနေတာကြောင့် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဥရောပအနေနဲ့ ကုန်ချောတွေကို အရင်ကထက်လျော့ပြီးလက်ခံနေသေးပေမယ့် နောက်ပိုင်းမှာ ပိတ်လာမယ်ဆိုရင်တော့ စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ ပိုပြီး ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

ပဲခူး စက်မှုဇုန်မှာက စက်ရုံပေါင်း (၉၀)ကျော်ရှိပြီး Aအဆင့်ရှိလို့ လက်ရှိ ဖွင့်လှစ်ထားတဲ့ စက်ရုံက (၇၀)ကျော်ရှိပါတယ်။ ဖွင့်လှစ်ထားတဲ့ စက်ရုံ (၇၀)ကျော်ထဲက စက်ရုံအတွင်း ဝန်ထမ်းတွေထဲမှာ ကိုဗစ်ကူးစက်ခံရတဲ့ စက်ရုံက (၃၂)ရုံရှိကာ ကူးစက်မှုကိုထိန်းချုပ်နိုင်တဲ့ အနေအထားရှိတယ်လို့သိရပါတယ်။

လက်ရှိပိတ်သိမ်းမယ့်စက်ရုံတွေက စက်ရုံတွင်း ဝန်ထမ်းတွေကိုဗစ်ကူးစက်မှုကြောင့်မဟုတ်ဘဲ ကုန်ချောပို့ဆောင်မှု အခက်အခဲကြောင့်သာဖြစ်တယ်လို့လည်း ဦးဟိန်းထက်ကဆိုပါတယ်။ ပိတ်သိမ်းမယ့် စက်ရုံနှစ်ခုကတော့ ပရိဘောဂစက်ရုံနဲ့ ဖိနပ်စက်ရုံဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က