တရားဝင် အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိုးရိမ်ဖို့ မလိုဟုဆို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင် အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စိုးရိမ်ကြောင့်ကြဖို့ မလိုဘဲ မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးမှုခံယူဖို့ကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းကြောင်း ဒီဇင်ဘာ (၂၂) ရက်က အလုပ်သမားသံရုံးက နှိုးဆော်ထားတာပါ။



လက်ရှိ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ တလာကုဗဟိုပုဇွန်ဈေးကြီးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိရုံးက ကိုယ်စားလှယ်အဖွဲ့တွေဟာ စမွတ်စခွန်ခရိုင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Photo- Bangkok Post

အဲဒီနောက် လော့ဒေါင်းလုပ်ထားတဲ့ ပုဇွန်ဈေးနယ်မြေအတွင်းကို သွားရောက်ကြည့်ရှုကာ အလုပ်သမားတွေကို အားပေးစကားပြောပြီးလိုအပ်တာတွေ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပုဇွန်ဈေးထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုကတော့ အထောက်အထားတွေ ရှိကြပြီး အလုပ်သမားတွေအနေနဲ့ကတော့ ပိုးကူးစက်သူတွေရော၊ ပိုးမရှိသူတွေကိုပါ ရောနှောပြီး လော့ဒေါင်းလုပ်ထားတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ MWRN အဖွဲ့စီမံကိန်းဒါရိုက်တာဦးစိန်ဌေးက ပြောပါတယ်။

လော့ဒေါင်းလုပ်ထားတဲ့ ပုဇွန်ဈေးအတွင်းမှာ မြန်မာအလုပ်သမား မိသားစုတွေ အများဆုံးနေထိုင်ကြပြီး ကိုယ်ဝန်ဆောင်မိခင် အယောက် (၇၀) ကျော်နဲ့ အသက် ငါးနှစ်အောက်ကလေးငယ်တွေ အယောက် (၂၀၀) ကျာ် ရှိနေတယ်လို့လည်း သိရပါတယ်။

“အခုက ပိုးရှိသူက ဘယ်သူလဲဆိုတာလည်းမပြောဘူး။ ပိုးရှိတဲ့သူကိုလည်း ခွဲပြီး မထားဘူး။ ဒီတိုင်းပဲ ပေးနေထားကြတာ။ဘယ်သူ့မှာ ရှိလို့ရှိမှန်းလည်း မသိဘူး။ကိုယ့်ကို ကူးမှာလား မကူးမှာလာလည်းမသိဘူး။ အဲဒီထဲမှာ ကလေးငယ်လေးတွေ ကိုယ်ဝန်ဆောင်တွေ ရှိတော့ သူတို့တွေကို ကူးသွားမှာစိုးရိမ်နေကြတာပါ။” လို့ MWRN မှ စီမံကိန်းဒါရိုက်တာ ဦးစိန်ဌေးက Duwun ကိုပြောပါတယ်။

လတ်တလောမှာာလော့ဒေါင်းလုပ်ထားတဲ့ မဟာချိုင်ပုဇွန်ဈေးက ပြောင်းရွှေ့လုပ်သားတွေထဲက ပိုးတွေ့လူနာသစ် (၃၉) ဦးကို ဒီကနေ့ ထပ်မံတွေ့ရှိထားတယ်လို့လည်း ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ တစ်ကျော့ပြန်ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားနေပြီး လူနာသစ် ထောင်ဂဏန်းခန့် ဖြစ်လာခဲ့ရာမှာ အဆိုပါ တစ်ကျော့ပြန်ကူးစက်မှုက မဟာချိုင်ဒေသ ပုဇွန်ဈေးက ဖြစ်တယ်ဆိုပြီး ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားတယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားတာပါ။ 

အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာသံရုံးက ထိုင်းနိုင်ငံ အစိုးရ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နေကာ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ထိုင်းရောက် စေတနာရှင် မြန်မာနိုင်ငံသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အလုပ်သမားသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က