အားလုံးနေရာ (၇)ခုပါဝင်ပါတယ်။

ခရစ္စမတ်ရုံးပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ဒေသတွင်းကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နေပြည်တော်က လူစည်ကားတဲ့ နေရာတွေကို ယာယီပိတ်ထားမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ ကိုဗစ် ၁၉ ထိန်းချုပ်နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ် ၁၉ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်ဟန့်တားနိုင်ရန် အတွက် အများပြည်သူတွေ မလိုလားအပ်ဘဲ လူစုလူဝေးရှိရာနေရာတွေသွားလာခြင်းကို ရှောင်ကြဉ်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။



“အဓိကကတော့ ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေးမဖြစ်အောင် လူစည်ကားရာနေရာတွေကို ယာယီသဘောပိတ်ထားမှာပါ။ အားလုံးနေရာ (၆)ခု ၊ (၇)ခုလောက်ပါတယ်။ တရားဝင်လည်း စာထုတ်ထားပါတယ်”လို့ နေပြည်တော်ကောင်စီဝင် ဦးမင်းသူက Duwun ကိုပြောပါတယ်။

နေပြည်တော်က လူစည်းကားရာနေရာတွေအဖြစ် ပိတ်ထားမည့် နေရာတွေကတော့ 

(၁) ပေါင်းလောင်းချောင်းအပန်းပြေစခန်း (ဇေယျာသီရိမြို့နယ်)

(၂) ပုဇွန်ဆိတ်ရေတံခွန် ( ပျဉ်းမနားမြို့နယ်)

(၃)ဖလောင်းရေတံခွန် ( ပျဉ်းမနားမြို့နယ်)

(၄)အဝေရာဆည်အပန်းဖြေနေရာ ( ပျဉ်းမနားမြို့နယ်)

(၅)မြသီတာ ရေတံခွန် (ပျဉ်းမနားမြို့နယ်)

(၆) ကိုးတစ်ရေပူစမ်း ( ပျဉ်းမနားမြို့နယ်) နှင့်

(၇) မင်္ဂလာကန်တော် (ဇမ္ဗူသီရိမြို့နယ်) တို့ဖြစ်ပါတယ်။

ပြည်ထောင်စု နယ်မြေ နေပြည်တော်မှာ ဒီဇင်ဘာလ (၂၂)ရက်နေ့ ရောဂါပိုးတွေ့ရှိသူ (၆၅၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိမှုကို ဆန်းစစ်ကြည့်တဲ့အခါမှာ ဒီဇင်ဘာလအတွင်း ကူးစက်မှုနှုန်းမြှင့်တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ 

ရောဂါပိုးတွေ့ရှိသူ အများစု တခြားနေရပ်ဒေသတွေက ပြန်လာတဲ့သူတွေဖြစ်သလို ဒေသတွင်းကူးစက်မှုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသတွင်းကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လာမယ့် ပိတ်ရက်ကာလတွေမှာ လူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို ယာယီပိတ်သိမ်းထားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က