ဖြေလျှော့နိုင်ဖို့ ကိုဗစ်ဗဟိုကော်မတီကိုတင်ပြထား

(၁၄) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မရှိတဲ့ ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်၊ ကျေးရွာ (၃၂၅) ခုကို Stay Home အစီအစဉ်ကနေ ဖြေလျှော့ဖို့ ကိုဗစ်-၁၉ ကုသကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကို တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ (၂၅) ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မဟာဗန္ဒုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ “ Stop Covid-19 Yangon” ကမ်ပိန်းပြုလုပ်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ ကျွန်တော်တို့က (၁၄) ရက်အတွင်း ပိုးမတွေ့ရှိတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို Stay Home အစီအစဉ်ကနေ ဖြေလျှော့ပေးလိုက်မယ်။ ဖြေလျှော့ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ ပုံမှန်အလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်မယ်။” လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားခဲ့တာပါ။

Stay Home ဖြေလျှော့မယ်ဆိုပါက ရန်ကုန်မြို့တွင်းက Down Town ဧရိယာတွေကို ဖြေလျှော့ဖို့ခက်ခဲတာကြောင့် (၁၄) ရက်အတွင်း ပိုးကူးစက်မှု အသစ်လည်း မရှိသလို ကျေးရွာအုပ်စုများပြားတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်က ရပ်ကွက်၊ကျေးရွာတွေကို Stay Home ဖြေလျှော့ပေးဖို့ ကိုဗစ်ဗဟိုကော်မတီကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

“ ရန်ကုန်တောင်ပိုင်းခရိုင်မှာဆိုရင် ကျေးရွာတွေ များတယ်။ကျေးရွာအုပ်စုတစ်ခုဆို အကြီးကြီးပဲ။ ဒီထဲမှာ တစ်ရွာဖြစ်လိုက်လို့ တစ်အုပ်စုလုံး လော့ဒေါင်းလုပ်လိုက်တာက မဖြစ်သင့်ပါဘူး။ တစ်အုပ်စုထဲမှာ တွေ့ပြီး တစ်မြို့နယ်လုံး လော့ဒေါင်းလုပ်လိုက်ရင်လည်း ကျန်တဲ့ ရွာတွေအတွက် မသင့်တော်ဘူး။ ဒါကြောင့် (၁၄) ရက်အတွင်း Case က မရှိဘူး။ ဒါတွေကို ကျွန်တော်တို့ သုံးသပ်တင်ပြထားတယ်။ ရပ်ကွက်၊ ကျေးရွာ (၃၂၅) ခုကို ဖြေလျှော့ဖို့သင့်ပါတယ်လို့လည်း ဗဟိုကိုတင်ပြထားပါတယ်။ အထူးသဖြင့် တောင်ပိုင်းခရိုင်က ပါပါတယ်” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်က လွဲပြီး ကျန်တဲ့ (၄၄) မြို့နယ်ကို နေအိမ်မှာ နေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း စက်တင်ဘာလ (၂၁) ရက်ကစတင်သတ်မှတ်ခဲ့ပြီး (၃) လကျော်ကြာမြင့်ခဲ့ပြီးနောက်မှာတော့ ပိုးကူးစက်မှုနည်းတဲ့ နေရာတွေကို ဖြေလျှော့ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က