Saint Sandy Htet

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ ငွေဗိုက်စီမံချက်ကနေ ထောက်ပံ့ကြေးရမယ့် မြန်မာနိုင်ငံတစ်ဝန်းက ကိုယ်ဝန်ဆောင်မိခင် ထောင်ပေါင်းများစွာအတွက် KBZPay နဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ပံ့ပိုးကူညီပေးနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

 

နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တွေကို ကူညီထောက်ပံ့ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေဗိုက်စီမံချက်ကို ကနဦးလှုပ်ရှားမှုအနေနဲ့ စတင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ငွေကျပ် (၃၀,၀၀၀) စီ ထောက်ပံ့ပေးအပ်မှာ ဖြစ်ပါတယ်။ ငွေဗိုက်စီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနကနေ အကောင်ထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ လိုအပ်တဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ ဝယ်ယူနိုင်အောင် သိန်းပေါင်းများစွာသော မိခင်လောင်းတွေကို ငွေကြေး အထောက်အပံ့ ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။


နေရာဒေသ အနှံ့အပြားက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ငွေဗိုက် ထောက်ပံ့ကြေးတွေကို လွယ်ကူအဆင်ပြေပြီး လုံခြုံမှုရှိတဲ့အပြင် ထိရောက်စွာ ထုတ်ပေးနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနက KBZPay နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး ငွေလွှဲပြောင်းတဲ့အတွက်ကြောင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ငွေဗိုက် ထောက်ပံ့ကြေး ရရှိသူတွေအနေနဲ့ သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်တွေထဲကို ထောက်ပံ့ကြေးတွေ တိုက်ရိုက် လက်ခံရရှိနိုင်မှာဖြစ်ပြီး နီးစပ်ရာ KBZPay ကိုယ်စားလှယ်တွေနဲ့ ငွေထုတ်စက်တွေမှာ အလွယ်တကူ ငွေသား ပြန်လည်ထုတ်ယူခြင်း၊ ဈေးဆိုင်ပိုင်ရှင်တွေဆီမှာ အာဟာရရှိတဲ့အစားအသောက်နဲ့ဆေးဝါးတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လူကိုယ်တိုင် သွားရောက်ပြီး ငွေသား ထုတ်ပေးရတဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေ အများကြီးကိုလည်း လျှော့ချပြီးသား ဖြစ်စေမှာပါ။

 

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင်၊ မွန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီ တိုင်းဒေသကြီးတဲ့ ပြည်နယ်တွေက ငွေဗိုက်ထောက်ပံ့ကြေးရရှိသူ (၈,၅၄၄) ဦးအတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း ငွေကျပ် (၂၅၆.၃၂) သန်းကို ပေးအပ်နိုင်ခဲ့ပါတယ်။

 

“ကိုဗစ်-၁၉ ကာလမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ တူညီပန်းတိုင်တစ်ခုကို လူမှုဝန်ထမ်းဦးစီးဌာနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။ အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မိခင်လောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ငွေရေးကြေးရေး အထောက်အကူတစ်ခုရစေမယ့် ငွေဗိုက် ထောက်ပံ့ကြေးတွေကို နိုင်ငံအနှံ့က အကျိုးခံစားခွင့်ရှိသူတွေဆီ KBZPay ကနေတစ်ဆင့် ထုတ်ပေးနိုင်ဖို့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ ဒီကနဦး လှုပ်ရှားမှုဟာ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေပြီး လူမှုအသိုင်းအဝန်းကို ပံ့ပိုးကူညီရာမှာ မိုဘိုင်းပိုက်ဆံအိတ်နည်းပညာရဲ့ စွမ်းအားကို လက်တွေ့ခံစားနိုင်တဲ့ ဥပမာကောင်းတစ်ခုပါပဲ” လို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက ပြောပါတယ်။ 

 

KBZPay ကို သုံးပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ ထောက်ပံ့ကြေးတွေ ထုတ်ပေးနေတဲ့အတွက် မြန်ဆန်၊ တိကျပြီး ပွင့်လင်းမြင်သာမှုရှိတဲ့အပြင် မိခင်လောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အများကြီးကို ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုတွေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးနိုင်အောင်လည်း ကူညီပံ့ပိုးပေးနေပါတယ်။ ငွေဗိုက် စီမံချက်ကနေ အကျိုးခံစားခွင့်ရှိသူတွေဟာ ကမ္ဘောဇဘဏ်အကောင့်ရှိတယ်ဆိုရင်လည်း သူတို့ရဲ့ ဘဏ်အကောင့်နဲ့ ထောက်ပံ့ကြေးငွေ လက်ခံနိုင်ပြီး ကမ္ဘောဇဘဏ်ခွဲတွေနဲ့ ATM စက်တွေမှာ ပြန်လည် ထုတ်ယူနိုင်ပါတယ်။

 

"လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများစွာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ရာမှာ ဒီအစီအစဉ်ဟာ ပထမဦးဆုံးသော ပုဂ္ဂလိကကဏ္ဍနဲ့ လူမှုရေးကဏ္ဍတို့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုအတွက် ဒစ်ဂျစ်တယ်စနစ်တစ်ခုနဲ့ စတင်မိတ်ဆက် ပေးနိုင်ခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငွေဗိုက်အစီအစဉ် စပြီး အကောင်အထည်ဖော် မဖော်ရသေးခင် ကြိုတင်ပြင်ဆင်နေတဲ့ အချိန်ကတည်းက အကျိုးအမြတ် တစ်စုံတရာ မယူဘဲ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ လှိုက်လှဲစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကမ္ဘောဇဘဏ်ကို မှတ်တမ်းတင် ကျေးဇူးတင်ရှိပါတယ်။ အလားတူ အစီအစဉ်ရဲ့ ထောက်ပံ့ကြေးတွေ လွှဲပြောင်းပေးတဲ့နေရာမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေအရ ပြောင်းလဲ ဆောင်ရွက်ခဲ့ ရတာတွေရှိခဲ့ပေမယ့်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ကမ္ဘောဇဘဏ်မှ အဖွဲ့သားအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်" လို့ လူမှုဝန်ထမ်းဦးစီးဌာရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

တစ်ဦးလျှင်တစ်ကြိမ်စီထောက်ပံ့ပေးသွားမယ့် ငွေဗိုက်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူတိုင်းဒေသကြီးး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ငွေဗိုက်ထောက်ပံ့ကြေးအတွက် လျှောက်ထားချင်တယ်ဆိုရင်တော့ လျှောက်ထားလိုသူရဲ့ မိခင်နဲ့ကလေးကျန်းမာရေး မှတ်တမ်းစာအုပ်ကို မိတ္ထူ တင်ပြပေးဖို့ လိုအပ်ပြီး Google Play Store နဲ့ Apple Store တို့မှာ ဒေါင်းလုဒ်ရယူနိုင်တဲ့ ငွေဗိုက်မိုဘိုင်း အက်ပလီကေးရှင်းကနေ စာရင်းသွင်းနိုင်ပါတယ်။



Author


က္က