အချိန်ကာလတစ်ခုမှာ ရန်ကုန်မှာ လူဦးရေ (၁၀) သန်းလောက်နေထိုင်တဲ့မြို့ပြကြီးဖြစ်လာမည်ဟုပြော

ရန်ကုန်တိုင်းအတွင်းမှာ နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုပေါင်း (၁) သိန်းခွဲခန့်ရှိနေတာကြောင့် အိမ်ရာ အခန်းတွေကို သိန်းနဲ့ချီထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ (၂၅) ရက်မှာ ကျင်းပခဲ့တဲ့ ပုဇွန်တောင်မြို့နယ် ၊ အမှတ် (၃)ရပ်ကွက် ၊ အောက်ပုဇွန်တောင်လမ်းရှိ ပြည်တော်သစ်ပြည်သူ့အိမ်ရာအထပ်မြင့်အဆောက်အဦ ဖွင့်ပွဲတက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။



“ ရန်ကုန်မြို့မှာ နေရေးအခက်အခဲဖြစ်နေသူ အိမ်ထောင်စုပေါင်း (၁) သိန်းခွဲလောက်ရှိပါတယ်။ သူတို့မှာ နေဖို့ အခက်အခဲရှိနေပါတယ်။ ဒီလူတွေအတွက် ကျွန်တော်တို့ဘက်က တည်ဆောက်ရေးလုပ်ငန်းက နောက်က နေသူတွေက ရှေ့ကဖြစ်နေတဲ့အတွက် ကျူးကျော်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အိမ်ရာတွေကို သိန်းနဲ့ချီပြီး အခန်းတွေကို ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်” လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

အိမ်ရာအခန်းတွေ ထုတ်လုပ်နိုင်ဖို့ မကြာသေးခင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ အခန်းပေါင်း (၁၀,၀၀၀) ပါဝင်တဲ့ အဌားအိမ်ရာစီမံကိန်းတစ်ခု ပန္နက်တင်သွားခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောပါတယ်။

အဆိုပါ အိမ်ရာအစီအစဉ်အတွက်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါမှသာလျှင် ရန်ကုန်ရဲ့ ဖွံဖြိုးတိုးတက်ရေးမှာ ရောက်ရှိလာတဲ့ လူသားအရင်းအမြစ်တွေကို စနစ်တကျဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကို နိုင်ငံတကာ အဆင့်အတန်းမီအောင် ကြိုးစားသွားရမယ်လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့တာပါ။

လက်ရှိ ရန်ကုန်တိုင်းအတွင်း လူဦးရေ (၇) သန်းရှိတဲ့အနက် ရန်ကုန်ရဲ့ ဖွံဖြိုးတိုးတက်မှုဟာ အချိန်ကာလတစ်ခုမှာ လူဦးရေ (၁၀) သန်းလောက်နေထိုင်တဲ့ မြို့ပြကြီးတစ်ခုဖြစ်လာနိုင်ပြီး အိမ်ရာထုတ်လုပ်မှုတွေကိုလည်း ခေတ်မီတဲ့ အိမ်ရာပုံစံတွေ ဖြစ်အောင် ဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က