ရန်ကုန်တိုင်းအတွင်း ရောဂါကူးစက်မှုလျော့လာပေမယ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မလျှော့ဘဲဆက်လုပ်ဖို့ ဝန်ကြီးက ပြောပါတယ်။

ကိုဗစ်-၁၉ နဲ့အတူနေထိုင်မှုဘဝပုံစံသစ်နဲ့ လုပ်ငန်းကဏ္ဍအသီးသီး၊ ဌာနဆိုင်ရာလုပ်ငန်းတွေမှာ သင့်လျော်တဲ့ပုံစံသစ်တွေနဲ့ လုပ်ဆောင်ခြင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရှေ့ဆောင်လမ်းပြပြီး ဆောင်ရွက်စေလိုတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ (၂၃) ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။ ရန်ကုန်တိုင်းအတွင်း အခုလတ်တလောမှာ ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှုတွေ လျော့နည်းလာတာ တွေ့ရပေမယ့်လည်း ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊တစ်ဆင့်ပြီး တစ်ဆင့်သာ တဖြည်းဖြည်း ဖြေလျော့မှုတွေပြုလုပ်ပေးဖို့ အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။



အထူးသဖြင့် ဈေးတွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ ဘဏ်တွေနဲ့ အများပြည်သူကို ဝန်ဆောင်မှု ပေးရာနေရာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်းတွေကို ဆက်လက်လိုက်နာမှုရှိစေရေးကို အလေးပေးပြီး ဆက်လက်ကြီးကြပ်ဆောင်ရွက်စေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောပါတယ်။

အဲဒီ နေရာတွေကို ကွင်းဆင်းကြီးကြပ်တဲ့အခါ စစ်ဆေးတဲ့ ပုံစံမဟုတ်ဘဲ ရောဂါကူးစက်မှု မရှိစေရေးအတွက် လာရောက်အသိပေးတဲ့ ပုံစံမျိုး၊ သူတို့ရဲ့ အကျိုးအတွက် လာရောက်တဲ့ပုံစံမျိုးဖြစ်ဖို့ လိုအပ်ပြီး သက်ဆိုင်သူတွေကိုယ်တိုင် မိမိအရေးလို သဘောထားကာ စည်းကမ်းလိုက်နာလာစေရေးစည်းရုံးပြောကြားဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း Mask ထုတ်လုပ်တဲ့စက်ရုံတွေ တည်ထောင်ဖွင့်လှစ်လာစေရေးအားပေးဖို့ လိုအပ်ပြီး အရည်အသွေးနဲ့ စံနှုန်းပြည့်မီရေးကိုလည်း ကြီးကြပ်ပေးစေလိုတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပြန်လည်စတင်ပါက ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဟိုတယ်ကွာရန်တင်းထားရှိခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ကုသခြင်းတွေကို ပုဂ္ဂလိက ကဏ္ဍကို တာဝန်ပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ ဆောင်ရွက်နေတဲ့ Stop COVID Sign အသုံးပြုပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအမူအကျင့် ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှု အစီအစဉ်ကိုလည်း အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်နိုင်ဖို့ အသိပညာပေးမျှဝေပေးစေလိုတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က