ဆိုင်မန်နေဂျာကို သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ ဖြင့်အရေးယူထားပြီး ဧည့်သည် ၈ ဦးကိုတော့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမီုဆိုင်ရာပုဒ်မ ၃၀ ကနဲ့အမှုဖွင့်အ‌ရေးယူဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ်၊ဆရာစံလမ်းက KTV တစ်ခုကို လာရောက်ပျော်ပါးခဲ့တဲ့ လူ ၈ ဦးနဲ့အတူ ဆိုင်မန်နေဂျာကိုပါ သဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေတွေနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့သိရပါတယ်။



World Wide KTV ဆိုင်က ကိုဗစ်ကာလမှာ ဆိုင်ပိတ်ထားဖို့ညွှန်ကြားထားတဲ့ စည်းကမ်းချက်ကိုဖောက်ဖျက်ပြီး ဆိုင်ဖွင့်နေကြောင်းကို သတင်းရရှိတာကြောင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှာ KTV ကိုဝင်ရောက်စစ်ဆေးခဲ့ရာ သောက်စား သီချင်းဆိုထားတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်ကာလ သတ်မှတ်ထားတဲ့စည်းကမ်းဖောက်ဖျက်မှုနဲ့ World Wide KTV ဆိုင်မန်နေဂျာ ဦးအေးထွန်း(၅၂)နှစ်ကို သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ - ၂၅ ဖြင့်အရေးယူထားပြီး ဧည့်သည် ၈ ဦးကိုတော့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမီုဆိုင်ရာပုဒ်မ ၃၀ ကနဲ့အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ရဲမှတ်တမ်းအရသိရပါတယ်။ ဧည့်သည် ၈ ဦးကတော့ အာမခံရရှိထားတယ်လို့ သိရပါတယ် ။

ဓာတ်ပုံ - World Wide KTV

" ဆရာစံလမ်းမှာရှိတဲ့ World Wide KTV ကိုဆိုင်ဖွင့်တယ်ဆိုပြီးသတင်းရတဲ့အခါကျတော့ တာဝန်ရှိသူ အနောက်ပိုင်ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ထွေအုပ် တွေရော မြို့နယ်ရဲတပ်ဖွဲတွေ ရောက်သွားပြီးစစ်ဆေးတာပေါ့။စစ်ဆေးတဲ့အခါ လူစိမ်း ၈ ဦးပေါ့ ..customer ၈ဦးကို တွေ့ရှိတယ်။ ဖမ်းဆီးပြီး ရဲစခန်းရဲလက်ထဲကိုအပ်လိုက်တာပေါ့။ မန်နေဂျာ ၁ ဦးနဲ့ဆိုတော့ ပေါင်း ၉ ဦးပေါ့။မြို့နယ်ရဲတပ်ဖွဲ့ကနေ ဥပဒေကြောင်းအရ ဘယ်လိုဆက်ဆောင်ရွက်ရမလဲဆိုတာကို ဆက်လက်တင်ပြထားတယ်လို့သိရတယ်။customer တွေကို အလုပ်သမားအခန်းထဲမှာ ပုန်းနေတာကိုဖမ်းမိတာပါ"လို့ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ဦးထွန်းမြင့်ကပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့်အရေးယူတဲ့အခါ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ပုဒ်မ ၃၀ ကနဲ့ ဆိုရင် အာမခံရနိုင်ကြောင်း၊ ပုဒ်မ၂၅ ဆိုရင်တော့အာမခံမရနိုင်ဘူးလို့လည်း ပြောဆိုပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးခံ ရတဲ့အထဲမှာပါဝင်ခဲ့သူ အရည်ကြို ခေါ် အောင်ဇော်ထွန်းရဲ့ဖုန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးခံရမှုမရှိကြောင်း ဖြေဆိုခဲ့ပြီး ကျန်တဲ့ကိစ္စတွေအပေါ်ကိုတော့ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က