အသက်(၈)နှစ်၊ (၆)နှစ်နဲ့ (၁)နှစ်(၈)လအရွယ် ကလေး(၃)ဦး သေဆုံးခဲ့တာပါ။
Ei Ei Htun

မော်လမြိုင်ကျွန်းမြို့၊ ဖိုးခမှီဒေါင့်ကျေးရွာမှာ မောင်နှမ (၃)ဦး သေတ္တာထဲဝင်ဆော့ကစားရာကနေ အသက်ရှုကြပ်ပြီး မောင်နှမ(၃)ဦးလုံးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မနေ့က ဒီဇင်ဘာလ (၂၇)ရက်နေ့ မနက်ပိုင်းမှာ မိဘတွေ လယ်ထဲသွားနေစဉ် အိမ်မှာ ကျန်နေခဲ့တဲ့ မောင်နှမ (၃)ဦး အတူဆော့ကစားရာကနေ သေတ္တာထဲဝင်ပြီးဆော့ကစားရာမှာ သေတ္တာအဖုံးကပိတ်ပြီး အပြင်ဂျက်ကျသွားရာက အဖုံးပြန်ဖွင့်မရဘဲ အထဲမှာ အသက်ရှုကြပ်ပြီး သေဆုံးခဲ့တာပါ။

“ဖြစ်စဉ်က မနေ့က မနက်ပိုင်းကဖြစ်တာ။ ကလေးတွေ မိဘတွေက လယ်စာရင်းငှါးတွေဆိုတော့ မနက် (၅)နာရီဆို လယ်ထဲသွားတယ်။ (၁၀)နာရီလောက်ပြန်လာတယ်။ မနေ့က ပြန်လာတော့ ကလေးတွေမတွေ့တော့ လိုက်ရှာရင်းနဲ့ သေတ္တာထဲမှာ (၃)ယောက် စလုံးတွေ့တာ။ သေတ္တာက အပြင်ကဂျက်ကျသွားတော့ ပြန်ဖွင့်မရဖြစ်ပြီး အထဲမှာအသက်ရှုကြပ်ကုန်တာ။ ကလေးတွေက နှုတ်ခမ်းတွေပြာနေပြီ။ ကျန်းမာရေးဆေးပေးခန်းကို ခေါ်သွားတယ်။ဟိုရောက်တော့ ဆရာမက (၃)ယောက်လုံးအသက်မရှိတော့ဘူးဆိုပြီးပြောတယ်”လို့ ‌မော်လမြိုင်ကျွန်း နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးဝင်းအောင်က Duwun ကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကလေးတွေက အသက်(၈)နှစ်နဲ့ (၆)နှစ်အရွယ် ယောက်ကျာ်းလေး နှစ်ဦးနဲ့ (၁)နှစ်(၈)လအရွယ် မိန်းကလေးတစ်ဦးဖြစ်ပါတယ်။

သူတို့မိသားစုက (၇)ယောက်ရှိကာ အသက် (၁၅)နှစ်အရွယ် အကြီးဆုံးကလေးက မိဘတွေနဲ့အတူ လယ်ထဲလိုက်သွားခဲ့တာဖြစ်ပြီး အငယ်ဆုံးကလေး (၃)ဦးသေဆုံးခဲ့တာပါ။

ကလေးတွေသေဆုံးမှုနဲ့ ပတ်သက်လို့ သေမှုသေခင်းဖွင့်ထားပြီး ဆေးရုံစစ်ဆေးချက်အဖြေအရလည်း (၃)ဦးစလုံး အသက်ရှုကြပ်ကာ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဦးဝင်းအောင်ကပြောပါတယ်။

ကလေးတွေရဲ့ နာရေးစျာပနာကိုတော့ ဒီကနေ့ ညနေမှာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က