ဝန်ထမ်းတွေအားလုံး ကိုယ်ကျိုးစီးပွားနဲ့ အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင်တည်ဆောက်ဖို့သတိပေးခဲ့ပါတယ်။
Mi Thawdar Aung

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေတ်ကာလနဲ့ လျော်ညီတဲ့ ချီးမြှင့်ငွေတွေ ထောက်ပံ့နိုင်ဖို့ တင်ပြဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက ဒီကနေ့ ဒီဇင်ဘာ (၂၈) ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ဌာနဖြစ်တဲ့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အခြားဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနိုင်တဲ့ စံနမူနာပြဌာနဖြစ်ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးဦးမင်းသူက ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းတွေအားလုံး ကိုယ်ကျိုးစီးပွားနဲ့ အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ဖို့၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့ညီညွတ်ပြီး လူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် ဂရုတစိုက်ဆောင်ရွက်ဖို့၊ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားကြဖို့ သူ့အနေနဲ့ တိုက်တွန်းမှာကြားလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ 

ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းဆောင်ရွက်ရာမှာလည်း ပြည်သူ့ဆက်ဆံရေး ပြည်သူ့ဆက်ဆံရေး၊ မီဒီယာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာသင်တန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းကတစ်ဆင့် ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် ပို့ချပေးနိုင်ရေးအတွက် ရန်ကုန်မြို့က အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့ “မူ”အားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိထားတယ်လို့ ဆိုပါတယ်။

အဆိုပါသင်တန်းကျောင်းကိုလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ စတင် အကောင်အထည်ဖော်နိုင်ရေး အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေနဲ့လည်း ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ထပ်မံပြင်ဆင်ထားတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ရပ်/ကျေး ဝန်ထမ်းတွေအနေနဲ့ သာမက ပြည်သူတွေပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ဖို့ အလွန် အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ အကြံပြုချက်များအပေါ်မှာ မူတည်ပြီး ပြည်သူ့ဆန္ဒနဲ့ ပိုမို ကိုက်ညီမယ့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးမင်းသူက တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က