မဲစာရင်းအမှားအယွင်းတွေ၊ တရားမဲ့ပြုကျင့်မှုတွေကြောင့်ဟုဆို

(၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လက်ရှိပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းကို ပြည်ခိုင်ဖြိုးပါတီရဲ့ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းထားတယ်လို့သိရပါတယ်။



အခုလို ကန့်ကွက်လွှာတင်သွင်းခြင်းဟာရွေးကောက်ပွဲရလဒ် ရှုံးနိမ့်မှုကိုလက်မခံနိုင်တာကြောင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ယခင်ရွေးကောင်ပွဲထက် မဲစာရင်းအမှားအယွင်းတွေ၊ တရားမဲ့ပြုကျင့်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာကြောင့် မတရားသဖြစ်ရှိခဲ့တဲ့ အချက်အလက်တွေကို ဖော်ထုတ်ခြင်းသာဖြစ်တယ်လို့ လို့ USDPပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာမှာ USDP က (၂၀၂၀) မဲရလဒ်အပေါ်မှာ စစ်ဆေး ဆောင်ရွက်မှုတွေ အများကြီးရှိ တယ်။ မဲမသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် တချို့တွေရဲ့ အမြင်မှာ ပုံဖျက်ခံရ တာက အရှုံးကို လက်မခံလို့ ဆိုပြီး ပြောကြတာရှိတယ်။ ကျွန်မတို့က လက်မခံတာမဟုတ်ဘူးရှင့်။ ၂၀၂၀ ရဲ့ ဖြစ်သွားခဲ့တဲ့ မဲစာရင်း အမှားအယွင်းတွေက ခါတိုင်းရွေးကောက်ပွဲတွေထက်ကို ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့တယ် ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေ ကလည်း ခါတိုင်း ရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့တယ်။ ” လို့ ဒေါ်ယဉ်မင်းမြင့်ဆွေကပြောပါတယ်။

ဝန်ကြီးချုပ်ဦးဝင်းသိန်းကို ရွေးကောက်ပွဲကန့်ကွက်လွှာတင်းသွင်းသူဟာ USDP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ထွန်းဖြစ်တယ်လို့ သိရပါတယ်။

“ပဲခူးကိစ္စကတင်ခဲ့တာ ပြီးခဲ့တဲ့ရက်ပိုင်းကတင်ခဲ့တာပေါ့။ လျှောက်ထား သူက ဦးအောင်နိုင်ထွန်းပေါ့နော်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းပေါ့ ။ လျှောက်ထားခံရသူကတော့ တိုင်းဒေသကြီး ကော် မရှင်အဖွဲ့ခွဲက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာတဲ့ လက်ရှိလည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတဲ့ ဦးဝင်းသိန်းကို ကန့်ကွက်တာပေါ့နော်။ ဒါကတော့ ဝန်ကြီးအဆင့်၊ ဝန်ကြီးချုပ်တွေနဲ့ပတ်သက်လို့ရှိရင် လျှောက်ထားခံရသူဘက်မှာ ပါတဲ့အမှုပါ။ တခြားကတော့ အထွေအထူးမရှိပါဘူး”လို့ ကန့်ကွက်လွှာအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက ပြောပါတယ်။

ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ် မဲဆန္ဒနယ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ကြီးချုပ် ဦးဝင်းသိန်းကို ကန့်ကွက်လွှာတင်သွင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး "ကန်ကွက်လွှာတင်သွင်းတာကို လူမှုကွန်ယက်မှာတော့တွေ့တယ်။ ကျွန်တော်တို့ဆီတော့မတင်ပါဘူး။ ကန့်ကွက်လွှာက UEC ကိုတက်ရိုက်တင်ရတာပါ။"လို့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌဦးအောင်မြင့်က ပြောပါတယ် ။

ပဲခူးတိုင်းဒေသခံပြည်သူတွေထဲမှာ လက်ရှိပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို ကြိုက်နှစ်သက်လို့ ဝန်ကြီးချုပ်တာဝန်ကိုထပ်မံပြီးထမ်းစေလိုသူတွေရှိသလို၊ လာမယ့်အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ်ထပ်မခံဖို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က