Saint Sandy Htet

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ မြန်မာ့ ပြည်တွင်းအနုပညာရှင်အချို့ရဲ့ မြန်မာ့အလှသဘာဝကို ပုံဖော်ထားတဲ့ အနုပညာဖန်တီးမှု လက်ရာ (၁၂) ခု နဲ့ ဖန်တီးထားတဲ့ ကမ္ဘောဇဘဏ်ရဲ့ ၂၀၂၁ ခုနှစ် ပြက္ခဒိန်အကြောင်းပဲ ဖြစ်ပါတယ်။


ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ပြီးခဲ့တဲ့တစ်နှစ်လုံးကို စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့နှစ်လို့ အမှတ်ရနေကြတော့မှာပါ။ မြန်မာနိုင်ငံရဲ့ အရောင်အသွေးစုံလင်လှတဲ့ အနုပညာ အသိုင်းအဝိုင်းကလည်း ဒီ ၂၀၂၀ နှစ်ထဲမှာ အထိအခိုက်မရှိ ကျော်ဖြတ်ခဲ့ရတာတော့ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေကြောင့် အနုပညာလက်ရာတွေ ထပ်ပြီး ဖန်တီးနိုင်ဖို့၊ ပြပွဲတွေ ကျင်းပနိုင်ဖို့ အခက်အခဲတွေ များစွာ ရှိခဲ့ပါတယ်။ 


မြန်မာ့အနုပညာ အသိုင်းအဝိုင်းကို အားပေးပံ့ပိုးဖို့အတွက် ကမ္ဘောဇဘဏ်ကနေ ၂၀၂၁ ခုနှစ်အတွက် ထုတ်မယ့် ပြက္ခဒိန်မှာ ပြည်တွင်းအနုပညာရှင်တွေရဲ့ လက်ရာစစ်စစ်တွေကို စုစည်းဖော်ပြခဲ့တာပါ။ ဒီပြက္ခဒိန်တွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေကနေတစ်ဆင့် ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေအတွက် မေတ္တာလက်ဆောင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ MYANM/ART အဖွဲ့သားတွေရဲ့ ဦးစီးရွေးချယ်မှုနဲ့အတူ ကမ္ဘောဇဘဏ်ရဲ့ ၂၀၂၁ ခုနှစ် ပြက္ခဒိန်ဟာ မြန်မာပြည်သူတွေ၊ တောတောင်သဘာဝ အလှအပတွေ၊ နွေးထွေးပျူငှာတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အရောင်အသွေး စုံလင်လှတဲ့ အလှအပတွေကို ဂုဏ်ယူစရာ စုစည်းပေးထားပါတယ်။


“ဒီပြက္ခဒိန်ထဲက ပန်းချီလက်ရာတွေက မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ပန်းချီဆရာတွေရဲ့ အနုပညာ ကွန့်မြူးမှုနဲ့ စွမ်းအင်တွေကို ပုံဖော်ပေးနေပါတယ်။ အနုပညာရပ်ဝန်းထဲမှာတော့ ကျွန်မတို့ နေ့စဉ်ဘဝမှာ ထိတွေ့ ခံစားနေရတာတွေထက် ဖန်တီးပုံဖော်ပြရတဲ့ အရာတွေကိုပဲ ပိုသုံးဖြစ်တာ များပါတယ်။ အခုလိုမျိုး သဘာဝတရား၊ စိတ်ဝိဉာဉ်နဲ့ လူမှုပတ်ဝန်းကျင်က ဘဝတွေကို ပုံဖော်ဖန်တီးပြနေတဲ့ ပန်းချီဆရာတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ကလည်း အရမ်းကို အရေးကြီးတာပါ။ သူတို့တွေကို ပံ့ပိုးပေးရင်းနဲ့ အနုပညာလက်ရာတွေကို ခံစားနိုင်မယ်၊ ဒီကနေ သင်ယူနိုင်ပါမယ်” လို့ MYANM/ART ရဲ့ ဒါရိုက်တာဖြစ်သူ Nathalie Johnston က ပြောပါတယ်။


“အနုပညာရှင်တွေဟာ သူတို့ခံစားရတဲ့ အရာတစ်ခုကို အားလုံးအတူတူ ခံစားနိုင်အောင် ဖန်တီးတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ ပြက္ခဒိန်အတွက် ရွေးချယ်ထားတဲ့ အနုပညာလက်ရာတွေကတော့ အသစ်မွေးဖွားခြင်းနဲ့ မျှော်လင့်ချက် အပြည့်နဲ့ နှစ်တစ်နှစ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပြီး ရွေးချယ်စုစည်းထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကို ချဉ်းနင်းရောက်ရှိလာချိန်မှာ ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံအတွက်၊ ကျွန်မတို့လုပ်ငန်းနယ်ပယ်က customer တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုကောင်းတဲ့အနာဂတ်တစ်ခု တည်ဆောက်ဖို့ သံန္နိဌာန်ချထားပါတယ်။ ၂၀၂၁ ခုနှစ်ကို အားလုံးအတွက် ပိုမို ကောင်းမွန်အဆင်ပြေတဲ့နှစ်ဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ ကျွန်မတို့ တန်ဖိုးထားရတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးက တာဝန်ရှိသူတွေရဲ့ အစဉ်အမြဲ အားပေးပံ့ပိုးမှုတွေ ရှိနေဖို့ပဲ လိုအပ်ပါတယ်” လို့ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအလုပ်အမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက ဆိုပါတယ်။


ပြက္ခဒိန်ထဲက မျှော်လင့်ခြင်းကို ဖော်ကျုးထားတဲ့ ပုံတွေမှာဆိုရင် အရောင်အသွေးစုံလင်တဲ့ abstract ပန်းချီကားတွေကနေ ဒစ်ဂျစ်တယ် စုစည်းဖန်တီးမှုလက်ရာတွေအထိ ပါဝင်ပါတယ်။ ကျေးလက်ရှုခင်းကနေ abstract ရုပ်ပုံလွှာတွေအထိ အမျိုးမျိုးသော အနုပညာလက်ရာတွေအားလုံးမှာ တူညီတဲ့သဘောတရားကတော့ နှစ်သစ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ပိုမို ဆောင်ကျဉ်းပေးနိုင်ဖို့ပါပဲ။


ကမ္ဘောဇဘဏ် ၂၀၂၁ခုနှစ်ထုတ် ပြက္ခဒိန်မှ သြဂုတ်လ စာမျက်နှာတွင် ဖော်ပြထားသည့် ပန်းချီဆရာ လှပ ၏

“Mountain Market”


ပြက္ခဒိန်ထဲက “Mountain Market” လို့ အမည်ရတဲ့ ပန်းချီကားရေးဆွဲသူ ပန်းချီဆရာ လှပ က “ရှမ်းပြည်နယ်က တောင်ပေါ်ဈေးတွေဆိုတာ ဒေသခံတွေအတွက် စီးပွားရေး၊ လူမှုရေး နှစ်မျိုးစလုံးအတွက် မိတ်ဖွဲ့ကြတဲ့ နေရာပါပဲ။ ဒီပန်းချီကားလေးကိုကြည့်ပြီး ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့၊ ခင်မင်ရင်းနှီးမှုတွေ တိုးပွားလာအောင် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်ဖို့၊ ခိုင်မာတဲ့ သံယောဇဉ်တွေနဲ့ ဒေသတစ်ခုလုံး ဘေးကင်းလုံခြုံအောင် တည်ဆောက်ဖို့ သတိထားမိကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။


ကမ္ဘောဇဘဏ် ၂၀၂၁ခုနှစ်ထုတ် ပြက္ခဒိန်မှ မတ်လ စာမျက်နှာတွင် ဖော်ပြထားသည့် ပန်းချီဆရာ ရှိုင်းလူ ၏ 

“Dozen Expression”


“Dozen Expression” လို့ အမည်ရတဲ့ ပန်းချီကားတစ်ချပ် ဖန်တီးဖြစ်ခဲ့တဲ့ နောက်ကွယ်က စိတ်ကူးစိတ်သန်းတွေအကြောင်းကို ပန်းချီဆရာ ရှိုင်းလူ က အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ဆိုင်တဲ့ နေရာတွေကို သွားတယ်ဆိုတာ ကိုးကွယ်၊ ဝတ်ပြုဖို့သက်သက် မဟုတ်ဘဲ မိသားစု၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ကြည်နူးစရာ အခိုက်အတန့်တွေ လိုချင်လို့ သွားတဲ့နေရာတွေလည်း ဖြစ်တယ်ဆိုတာ ပုံဖော်ပြချင်တာပါ။”


ကမ္ဘောဇဘဏ်ရဲ့ ၂၀၂၁ ခုနှစ် ပြက္ခဒိန်မှာ ထည့်သွင်းဖော်ပြထားတဲ့ မြန်မာအနုပညာရှင် (၁၂) ဦးရဲ့ လက်ရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • သန်းဌေး ၏ “A Buffalo Boy” (ဇန်နဝါရီလ)
  • မြင့်စန်းမြင့် ၏ “Lives in the Blue” (ဖေဖော်ဝါရီလ)
  • ရှိုင်းလူ ၏ “Dozen Expression” (မတ်လ)
  • မြတ်ကျော့ ၏ “Kaung Mhu Daw Say Temple” (ဧပြီလ)
  • အိမ်အေးကျော် ၏ “Boat” (မေလ)
  • လွင်ကိုထိုက် ၏ “The Bookseller” (ဇွန်လ)
  • ခိုင်သဇင်ထက် ၏ “The Golden Tree” (ဇူလိုင်လ)
  • လှပ ၏ “Mountain Market” (သြဂုတ်လ)
  • သစ်နေစမ်း ၏ “A Girl with Thanaka” (စက်တင်ဘာလ)
  • မြတ်ကျော့ ၏ “Family Day Out” (အောက်တိုဘာလ)
  • လှပ ၏ “Lives of Children in Rural” (နိုဝင်ဘာလ)
  • NCS ၏ “The Wild One” (ဒီဇင်ဘာလ)

Author


က္က