နှစ်သစ်ကူးညမှာလည်း ပန်းခြံတွေကို လုံခြုံရေးတင်းကျပ်မှာဖြစ်ပါတယ်။
Mi Thawdar Aung

ရန်ကုန်တိုင်းအတွင်းက အများပြည်သူ အပန်းဖြေစည်ကားရာ ပန်းခြံတွေနဲ့ ကစားကွင်းအကုန်လုံးကို လူစုလူဝေးမဖြစ်ပေါ်စေဖို့အတွက် (၂၀၂၁) ခုနှစ်၊ဇန်နဝါရီ (၁၀) ရက်အထိဆက်ပိတ်ထားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

“ ရက်ထပ်တိုးရတဲ့အကြောင်းရင်းက တကယ်လိုအပ်ချက်ရှိလို့ထပ်တိုးရတာပါ။ အစိုးရကလည်း အမိန့်ညွှန်ကြားချက်တွေကို ဇန်နဝါရီ (၃၁) ရက်အထိထပ်တိုးထားတယ်။ အဲဒီအတွက် ကျွန်တော်တို့ကလည်း ကိုဗစ်အတည်ပြုလူနာတွေထပ်တိုးမတွေ့ရှိအောင် ပန်းခြံတွေကို ထပ်ပိတ်ရတာပါ။ ပြည်သူတွေအကုန်လုံး စိတ်ပင်ပန်းနေကြပြီဆိုတာကိုနားလည်ပေမယ့် ဒီရောဂါကြီးကိုအကောင်းဆုံးကာကွယ်ဖို့အတွက်က လူစုလူဝေးမဖြစ်အောင်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တာကြောင့် အခုလိုရက်ထပ်တိုးရတာပါ"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာ နှစ်သစ်ကူးပိတ်ရက်တွေမှာ လူစုလူဝေးဖြစ်နိုင်တဲ့အတွက် လက်ရှိမှာလည်း အင်းလျားကန်ဘောင်၊ မဟာဗန္ဒုလပန်းခြံအပါအဝင် ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေအားလုံးကို ဒီဇင်ဘာ (၂၁) ရက်ကနေ (၃၁) ရက်နေ့အထိ ပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု တစ်နေ့ထက်တစ်နေ့ လျော့နည်းလာတာတွေ့ရပြီး ဒီထက်ပိုလျော့နည်းကာ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို အကျိုးသက်ရောက်စေဖို့ ရည်ရွယ်ပြီးတော့ ရန်ကုန်မှာ ပန်းခြံနဲ့ ကစားကွင်းတွေကို ဇန်နဝါရီ (၁၀) ရက်အထိ ထပ်မံတိုးမြှင့်ပြီး ပိတ်လိုက်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် နှစ်သစ်ကူးညမှာ လူစုလူဝေးဖြစ်ပေါ်နိုင်တဲ့ နေရာတွေ ဖြစ်တဲ့ အင်းလျာကန်ဘောင်၊ မြကျွန်းသာကန်ဘောင်နဲ့ ဥက္ကလာ ဂေါက်ကွင်းတည်ရှိတဲ့ နေရာတွေကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှာဖြစ်ပြီး လုံး၀ လူအစုအဝေး အဖြစ်ခံမှာ မဟုတ်ဘူးလို့လည်း အနောက်ပိုင်းခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးထံကနေ သိရပါတယ်။

 ညမထွက်ရ အမိန့်ကိုလည်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှာဖြစ်ပြီး ချိုးဖောက်ပါက သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါကာကွယ်ရေး ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချုပ်က Duwun ကိုပြောကြားထားပါတယ်။



အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သော သတင်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က