ကိုဗစ်ကြောင့် ကောင်းသတင်းတွေနဲ့ကျော်ကြားခဲ့သလို ပြစ်တင်ဝေဖန်ခံရမှုတွေနဲ့ ကြုံခဲ့ရတဲ့ပုဂ္ဂိုလ်အချို့ကို Duwun က ရွေးချယ်ဖော်ပြထားခြင်းဖြစ်သည်။

၂၀၂၀ ကို ပြန်လှည့်ကြည့်မယ်ဆိုရင် ကိုဗစ်သတင်းတွေကို နားစွင့်ရင်း တစ်နှစ်တာ အချိန်တွေကို ကုန်ဆုံးကျော်ဖြတ်ခဲ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကောင်းသတင်းတွေနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့သူတွေ ရှိသလို လုပ်ရပ်တချို့ကြောင့် ဝေဖန်ပြစ်တင်မှုကြုံခဲ့ရပြီး ဆိုးသတင်းတွေနဲ့ လူသိများခဲ့တဲ့ ပုဂ္ဂိုလ်အချို့လည်း ရှိခဲ့ပါတယ်။



၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်နဲ့ ပတ်သက်ပြီး အကောင်းအဆိုး သတင်းတွေကြားထဲမှာ ပြောစမှတ် ပြုရလောက်အောင် ထင်ပေါ်ခဲ့တဲ့ ပုဂ္ဂိုလ်အချို့ကို Duwun က ရွေးချယ်တင်ပြရမယ်ဆိုရင်……….

ဓာတ်ပုံ- ဒေါ်မြင့်မြင့်စိန်ဖေ့စ်ဘွတ်ခ်

ဒေါ်မြင့်မြင့်စိန်

ဒေါ်မြင့်မြင့်စိန်ဟာ ကိုဗစ်လူနာကို ကုသပေးရင်း ရောဂါကူးစက်ခံလိုက်ရတဲ့ ပထမဆုံး ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ပြည်မြို့က လူနာအမှတ် (၁၇) ရောဂါ အပြင်းအထန်ခံစားရနေချိန်မှာ မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်ဟာ သူရောဂါကူးစက်ခံရနိုင်ချေရှိတာကို သိရက်နဲ့ လူနာကို အသက်ရှုပိုက်ထည့်ပေးဖို့ ကြိုးစားခဲ့တဲ့သူပါ။ ဒီလုပ်ရပ်ကြောင့် လူအများက သူ့ကို သူရဲကောင်းလို့ မှတ်ချက်ပြု ချီးကျူးခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းလုပ်သက် နှစ် (၃၀) ကျော်ကြာ ကျင်လည်ခဲ့တဲ့ မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်ဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် အပြောင်းအလဲကို အမြဲတောင့်တကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ဆရာမကြီးဒေါ်မြင့်မြင့်စိန်ဟာ ကိုဗစ်နဲ့ပတ်သက်လို့ သတင်းမီဒီယာ စာမျက်နှာတွေထက်မှာ ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ 

တရား‌ဟောဆရာ ဒေးဗစ်လားကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ဝင်းလွင်) 

တရားဟောဆရာဒေးဗစ်လား

ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားကတော့ ကိုဗစ်ကာလအတွင်း ဝေဖန်ပြစ်တင်မှုတွေ အများဆုံးခံခဲ့ရပြီး ဆိုးသတင်းတွေနဲ့ ပြောစမှတ်တွင်ခဲ့ရသူတစ်ဦးလို့ ပြောရင် မမှားပါဘူး။ လူစုလူဝေးနဲ့ ပြုလုပ်တဲ့ ဘာသာရေးဟောပြောပွဲတစ်ခုရဲ့ နောက်ဆက်တွဲကြောင့် သူအပါအဝင် လူပေါင်းများစွာ ကိုဗစ်ရောဂါကူးစက်ခံလိုက်ရမှုကြောင့် တရားဟောဆရာဒေးဗစ်လားဟာ ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။ ခရစ်ယာန်ဘာသာရေးအကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်လားကို ကိုဗစ်-၁၉ ညွှန်ကြားချက်တွေ မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့လို့ ဆိုပြီး ရန်ကုန်တိုင်းအစိုးရက ဦးဆောင်တရားစွဲဆိုခဲ့ပါတယ်။ ကိုဗစ်လူနာဖြစ်ခဲ့တဲ့ဒေးဗစ်လားဟာ ရောဂါပျောက်ကင်းလို့ ကွာရန်တင်းထွက်ချိန်မှာပဲ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကာ အမှုရင်ဆိုင်ပြီးတဲ့နောက် ထောင်ဒဏ် (၃)လကျခဲ့ပါတယ်။ ဒေးဗစ်လား ထောင်က ထွက်လာချိန်မှာတော့ သူနိုင်ငံသားအဖြစ် ခံယူထားတဲ့ ကနေဒါနိုင်ငံကို ပြန်လည်စေလွှတ်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ်။

(အဝတ် Mask ပြိုင်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်Mask များကိုချုပ်ပြစဉ်) ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည့် ဖေ့စ်ဘွတ်ခ် 

ဒေါ်အောင်ဆန်းစုကြည် 

ကိုဗစ်ကပ်ရောဂါကို အင်တိုက်အားတိုက် တိုက်ထုတ်ကြရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဓိကအကျဆုံးဦးဆောင်သူပါ။ အစိုးရ ဦးဆောင်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ကိုယ်တိုင် Facebook အကောင့်ဖွင့်ပြီး သတင်းအချက်အလက်တွေ၊ အသိပညာပေးစကားတွေကို အမြဲတစေ မျှဝေခဲ့သလို ကိုဗစ်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားတွေကို ပြည်သူလူထုကလည်း စောင့်မျှော်နားစွင့်ခဲ့ကြပါတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားတွေ၊ ညွှန်ကြားချက်တွေအပေါ် နှစ်သက်သဘောကျသူရှိသလို ဝေဖန်ပြစ်တင်သူတွေလည်းရှိခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း Mask တပ်တဲ့ အလေ့အကျင့်ပို ရလာဖို့ ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲတွေပြုလုပ်ခဲ့ကာ စည်းကမ်းတွေလိုက်နာကြဖို့ အပတ်စဉ် တိုက်တွန်းဆော်သြနေသူ ဖြစ်ပါတယ်။ 

(ဆရာတော် အရှင်ဆေကိန္ဒရဲ့ ကျောင်းတိုက်မှာ ကွာရန်တင်းထားရှိဖို့ ဆောင်ရွက်နေစဉ်)ဓာတ်ပုံ-ဥက္ကာသိန်း

ဆရာတော် အရှင်ဆေကိန္ဒ

(၂၀၂၀) ရဲ့ နှစ်ဆန်းပိုင်းလောက်က မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ကုသရေးလုပ်ငန်းတွေ ပြင်ဆင်ချိန် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ လှူဒါန်းကူညီမှုတွေ အဓိက ကျခဲ့ပါတယ်။ ကိုဗစ်ဖြစ်စဉ်အစပိုင်းမှာ ပြည်ပပြန်ကျောင်းသား၊ကျောင်းသူတွေကို ဆရာတော်ကြီးရဲ့ ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်မှာ ကွာရန်တင်းထားပြီး နေထိုင်စားသောက်ရေး အ၀၀ကို ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ ကလေးတွေကို ချစ်ခင်တတ်တဲ့ ဆရာတော်ကြီးဟာ ကွာရန်တင်းဝင်တဲ့ကျောင်းသားကျောင်းသူတွေကို စိတ်ဓာတ်ခွန်အား အမြဲပေးခဲ့သူပါ။ ကွာရန်တင်းဝင်ရတဲ့ ကလေးတွေ ပျော်ရွှင်အောင် မွေးနေ့ပွဲလေးတွေ ကျင်းပပေးခဲ့တဲ့ပုံရိပ်တွေကလည်း ကိုဗစ်ပထမလှိုင်းကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး အားလုံးက ကြည်နူးဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်း ကိုဗစ်ပထမလှိုင်း ရိုက်ခတ်ခဲ့စဉ်မှာ ဆရာတော်ရဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေကြောင့် ကိုဗစ်ကာလအတွင်း လူပြောများခဲ့ရပါတယ်။

(ဧရာဝတီစင်တာမှာ ကိုဗစ်လူနာတွေစောင့်ရှောက်ရေးလုပ်နင်းတွေကို ညွှန်ကြားဆောင်ရွက်နေစဉ်)ဓာတ်ပုံ- ဦးဇော်ဇော် ဖေ့စ်ခ်ဘွတ်ခ်

ဦးဇော်ဇော် 

မြန်မာနိုင်ငံရဲ့ ခရိုနီသူဌေးတစ်ဦးဖြစ်သလို ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လည်း ဖြစ်တဲ့ ဦးဇော်ဇော်ဟာ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်ကြတဲ့သူတွေထဲမှာ ရှေ့တန်းကပါဝင်သူတစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း များပြားလာတဲ့ လူနာတွေကို ဆေးရုံတွေက မနိုင်မနင်းဖြစ်လာတော့မယ့် အခြေအနေမှာ ဦးဇော်ဇော်ကိုယ်တိုင်ဦးဆောင်ပြီး ဧရာဝတီဖောင်ဒေးရှင်းရဲ့ လုပ်ဆောင်ချက်နဲ့ သုဝဏ္ဏ မြက်ခင်းတုအားကစားကွင်းကို ကိုဗစ်ကုသရေးစင်တာအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးအတွက် ရန်ကုန်၊ မန္တလေးတွေမှာ ရှိတဲ့ ဧရာတီဖောင်ဒေးရှင်းရဲ့ ကိုဗစ်ကုသရေး စင်တာတွေမှာ ငွေကြေး သိန်းပေါင်း သောင်းဂဏန်းအထိ မ,တည်ငွေ ထည့်ဝင်ခဲ့သူ ဖြစ်ပါတယ် ။ ကိုဗစ် ကုသရေး စင်တာတွေမှာ နေ့စဉ် ကြီးကြပ် ကြိုးပမ်းလုပ်ကိုင်နေတဲ့ လုပ်ရပ်တွေကြောင့်ဦးဇော်ဇော်က ကိုဗစ်ကြားက ခေတ်သစ် အနာထပိဏ် ဖြစ်လာခဲ့ပါတယ်။ 

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သည်ကိုသိရှိခဲ့ပြီး တာဝန်သိစွာသတင်းပို့ခဲ့သူမီနီအိုးဝေယာဉ်မောင်း (ဓာတ်ပုံ- ကိုနန္ဒ (မန္တလေး)

မန္တလေးကသုံးဘီးမောင်းသူ ကိုဇာနည်

မန္တလေးက ကိုဗစ်လူနာအမှတ် (၄) ကို လိုက်ပို့ခဲ့တဲ့ သုံးဘီးမောင်းသူ ကိုဇာနည်ကို နိုင်ငံကြီးသားပီသသူရယ်လို့ ချီးကျုးဂုဏ်ပြုခဲ့မှုက ကိုဗစ်ကာလအတွင်း ထင်ရှားခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ သုံးဘီးအဌားမောင်းရင်း ဗိုင်းရပ်စ်ပိုးရှိနေတဲ့ခရီးသည်တစ်ဦးကို လိုက်ပို့ခဲ့ရာက ကိုဇာနည်တစ်ယောက် ရောဂါပိုးရှိသူနဲ့ ထိတွေ့သူဖြစ်သွားခဲ့ပါတယ်။ ပိုးရှိသူနဲ့ ထိတွေ့ခဲ့တဲ့သူဆိုရင် ကွာရန်တင်း (၁၄) ရက်နေရမယ့်စည်းကမ်းချက်က ကိုဇာနည်တို့လို့ တစ်နေ့လုပ် တစ်နေ့စားသမားတွေအတွက် စားဝတ်နေရေးပူပန်စရာဖြစ်ခဲ့ရပါတယ်။ သုံးဘီးကို အရစ်ကျနဲ့ ဝယ်ထားပြီး နေ့စဉ်ဝင်ငွေအတွက် ရုန်းကန်နေရတဲ့ ကိုဇာနည်တစ်ယောက် ဒီလိုပူပန်စရာတွေ ရှိပေမယ့် သူ့မိသားစု၊ သူနဲ့ထိတွေ့သူတွေကို ရောဂါကူးစက်မှာကို စိုးရိမ်စိတ်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေထံ ကိုယ်တိုင် သတင်းသွားပို့ခဲ့ပါတယ်။ကိုဇာနည်ရဲ့ နိုင်ငံကြီးသားပီသစိတ်ဟာ ကိုဗစ်ဖြစ်ရပ်ဆိုးတွေအကြား အတုယူစရာ ဖြစ်ခဲ့ပြီး ပြည်သူတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ 

(၂၀၂၀)ခုနှစ်မတ်လအတွင်းက ရန်ကုန်မြို့မှာကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဒေါက်တာဒေါ်ခင်ခင်ကြီး (ဓာတ်ပုံ- သားကြီး)

ဒေါက်တာဒေါ်ခင်ခင်ကြီး 

ဒေါ်ခင်ခင်ကြီးလို့ ပြောလိုက်ရင် အစောပိုင်း ကာလတွေမှာ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေအကြောင်း လူမှုကွန်ရက်ကတစ်ဆင့် လူထုကို ပြန်လည်မျှဝေသူအဖြစ် မြင်မိကြမှာပါ။ (၂၀၂၀) အစောပိုင်းမှာ ဒီရောဂါအကြောင်း မရင်းနှီးတဲ့ မြန်မာလူထုအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခင်ခင်ကြီးရဲ့ သတင်းစကားတွေကြောင့် ပိုပြီးသတိပြုမိလာကြပါတယ်။ မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် စတင်ရိုက်ခတ်လာချိန် မတ်လအတွင်း အစိုးရဌာနရဲ့ သန်းခေါင်ယံသတင်းထုတ်ပြန်ချက်တွေကို သတင်းမီဒီယာတွေရော၊ ပြည်သူလူထုရော စောင့်ဆိုင်းနေရချိန်မှာ ဒေါ်ခင်ခင်ကြီးရဲ့ ရေးသားချက်တွေကို သတင်းအဖြစ် မှတ်ယူရေးသားခဲ့ကြရတာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က