ဖေဖော်ဝါရီလ ပထမပတ်မှာ လွှတ်တော်စတင်မှာဖြစ်ပြီး မတ်လမှာ အစိုးရသစ်ဖွဲ့မှာ ဖြစ်ပါတယ်။

အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ် ပမာဏထက်ကျော်လွန်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အာဏာရပါတီ NlD အနေနဲ့ အစိုးရသစ်ဖွဲ့ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။

ဒီလိုလုပ်ဆောင်ရာမှာတော့ လာမယ့် NLD အစိုးရသစ်က NLDအစိုးရဟောင်းဆီကပဲ လက်လွှဲယူရမှာဖြစ်လို့ ယခင်သက်တမ်းငါးနှစ်အတွေ့အကြုံအရ အေးအေးလုပ်ဆောင်နိုင်တဲ့ အချိန်ရှိသေးတယ်လို့ NLDပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။



" ၂၀၁၅တုန်းက အစိုးရအဖွဲ့ဆီက လက်လွှဲယူရတယ် ။ အာဏာ ၊ လုပ်ပိုင်ခွင့်တွေ ။ ကျွန်တော်တို့ချက်ချင်း အားချင်းအစိုးရဖွဲ့လိုက်ရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တခြားအုပ်ချုပ်တဲ့ အစိုးရဆီကနေဖြစ်တယ်။ အခုဟာက NLD အစိုးရဆီကနေ နောက်လာမယ့် NLD က ပြန်လွှဲယူရမှာ ။ အဲဒီတော့ ကျွန်တော်တို့မှာ အချိန်ရှိတယ် ။ ပြောချင်တာက အေးအေးဆေးဆေးနဲ့ လုပ်လို့ရတယ် ၅နှစ် အတွေ့အကြုံတွေနဲ့ ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုရင်လည်း ဘယ်ဝန်ကြီးတွေက ဘယ်လိုဆိုတာ အကုန်သိပြီးသား ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ လည်း  သူသိပြီးသား ။ ဦးဝင်းမြင့်ကလွှတ်တော် ဥက္ကဌ လုပ်ခဲ့တယ်၊ သမ္မတလုပ်ခဲ့တယ် ။ အားလုံးအကြောင်းအရာတွေအကုန်လုံးမှာ သူအကုန်သိတယ် ။ ဒါကြောင့် ကျွန်တော်ပြောချင်တာ က အချိန်ရှိတယ်" လို့ NLDပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

အစိုးရသစ်ဖွဲ့ဖို့အစီအစဉ်အနေနဲ့ကတော့ ဖေဖော်ဝါရီလ ပထမပတ်မှာ လွှတ်တော်ခေါ်ယူသွားမှာဖြစ်ပြီး မတ်လနောက်ဆုံးပတ်မှာ အစိုးရသစ်ဖွဲ့စည်းခြင်းကို ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့်လွှတ်တော်သက်တမ်းမှာ လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို အကူအညီပေးမယ့် အထောက်အကူအဖွဲ့ ဖွဲ့စည်းဖို့နဲ့ ဒီအဖွဲ့အတွက် ဘတ်ဂျက်ကိစ္စတွေကိုလည်း ဒီဇင်ဘာလ ၂၉ရက်က ပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

"လွှတ်တော်စပြီဆိုရင် လွှတ်တော်ကို ကူညီဖို့ရုံးအဖွဲ့ ၊ အကူအညီပေးမယ့် အဖွဲ့လေးပေါ့ ။ ဘယ်လိုဖွဲ့မလဲ၊ စာရိုက်တာ ၊ စာကူးတာ ၊ မှတ်တမ်းတင်တာ ၊ အဲဒီဟာတွေအတွက် ဆက်ငှားမှာလား မငှားဘူးလား။ ရုံးငှားမှာလား ၊ မငှားဘူးလားပေါ့ ။ ဒါကတော့ ပါတီရုံး ၊ ဟိုဟာကတော့လွှတ်တော်ကိုယ်စားလှယ်တွေကို အကူအညီပေးမယ့် လွှတ်တော် အထောက်အကူပြု ရုံးခန်းလေး သဘောမျိုးပေါ့ ။အဲဒီအတွက် ဘက်ဂျက် ဘယ်ကနေပေးမလဲ အဲ့တာတွေ ဆုံးဖြတ်ကြတာပေါ့ " လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

လက်ရှိမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပါတီတွေဆီကို အိတ်ဖွင့်ပေးစာပို့ခဲ့တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအရ တိုင်းရင်းသားပါတီ တွေနဲ့ဆွေးနွေးခြင်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ဒေါက်တာအောင်မိုးညို ၊ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန်တို့က တိုင်းရင်းသားအရေးဆွေးနွေးမယ့် ကိုယ်စားလှယ် အဖွဲ့အဖြစ် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က