တစ်နှစ်တာအတွင်း ထူးခြာဖြစ်စဥ်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်က ခါတိုင်းနှစ်တွေနဲ့မတူ တမူထူးခြားတဲ့နှစ်တစ်နှစ်ပါ။ မကြုံစဖူး ကိုဗစ်ကပ်ရောဂါကြီးနဲ့ ကြုံတွေ့ရသလို ၅ နှစ်မှတစ်ကြိမ် ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကလည်း ဒီနှစ်ထဲမှာ ကျင်းပရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြီး ၂ ခုအပြင် ဘေးအန္တရာယ်တွေနဲ့ တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ 


၁။ သံဈေးမီးလောင်မှု 

သံဈေးမီးလောင်မှုကတော့ ၂၀၂၀အတွင်း တစ်နိုင်ငံလုံးမှာ အကြီးမားဆုံးမီးလောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ Level (5) အဆင့်ထိ သတ်မှတ်ပြီး အချိန် (၃)နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတဲ့ ဒီဖြစ်ရပ်က ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ 

မီးငြှိမ်းသတ်စဉ်အတွင်းမှာလည်း အထပ်မြင့်အဆောက်အဦးတွေဖြစ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်တော်ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာပါ။

ဒီမီးလောင်မှုမှာတော့ ပိတ်မိနေတဲ့ လူအားလုံး (၈၅)ယောက်ကျော်လုံးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အတွင်း မီးခိုးမွှန် အသက်ရှုကြပ်ကာ ဆေးကုသမှု ခံယူခဲ့ရတဲ့ မီးသတ်တပ်ဖွဲ့ဝင် (၂၂)ဦးရှိခဲ့ပါတယ်။ 

ပိတ်မိသူအားလုံးကယ်ထုတ်နိုင်ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ဝင်အားလုံးကိုလည်း နိုင်ငံတော်အကြီးအကဲတွေအပါအဝင် ပြည်သူအားလုံးကလည်း ချီးကျူးထောပနာပြုခဲ့ကြပါတယ်။ 

၂။ ဇွဲကပင်တောင်ပေါ်မှာ သတ်သေခဲ့မှုတွေနဲ့ လူသေဆုံးမှုများ

ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးသွားတဲ့ မိန်းကလေးကို ရှာဖွေမှုများလုပ်ဆောင်နေစဥ်

  ၂၀၂၀ ခုနှစ်အတွင်း ဇွဲကပင်တောင်ပေါ်ကနေ ကိုယ်တိုင်ခုန်ချကာ အဆုံးစီရင်မှုတွေနဲ့ လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ တောင်ပေါ်ကခုန်ချပြီး ကိုယ်တိုင်အဆုံးစီရင်ခဲ့ကြတဲ့သူတွေမှာ ကျောင်းသူကလေးတစ်ဦးနဲ့ ကျောင်းသားလေးတစ်ဦးပါဝင်ခဲ့ပြီး လူမှုရေးပြဿနာတွေကြောင့် အခုလို လုပ်ဆောင်ခဲ့ကြပေမယ့် ဒီဖြစ်စဉ်တွေကလည်း လူအများစိတ်မကောင်းစရာဖြစ်ခဲ့ကြပါတယ်။ ဇွန်လအတွင်းမှာ တက္ကသိုလ်ကျောင်းသူမိန်းကလေးက ခုန်ချသေဆုံးခဲ့ကာ တက္ကသိုလ်ကျောင်းသားလေးကတော့ ဇူလိုင်လအတွင်းမှာပဲ ထပ်မံခုန်ချသေဆုံးခဲ့တာပါ။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ ဇွဲကပင်တောင်ပေါ်မှာနေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးဓာတ်လိုက်သေဆုံးခဲ့မှုဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ 

၂၀၂၀ခုနှစ်မှာ ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသေဆုံးမှုဖြစ်စဉ်တွေကြောင့် နောက်ပိုင်း တောင်ပေါ်ကို တစ်ယောက်တည်းတက်ခွင့်မပြုတဲ့ တားမြစ်ချက်တွေတောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


၃။ လူ(၁၀၀)ကျော် သေဆုံးခဲ့တဲ့ ဖားကန့် မြေပြိုမှု  

Photo: Zaw Moe

 လူရာကျော်သေဆုံးခဲ့တဲ့ ဖားကန့်၊ ဝှေခါကျောက်စိမ်းတောင် မြေပြိုမှု ဖြစ်စဉ်က အားလုံးစိတ်မကောင်းစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ အသက်အရွယ်အစုံ ကျောက်တူးလုပ်သားတွေသေဆုံးခဲ့တဲ့ဒီဖြစ်စဉ်ဟာ ဖားကန့်မြေပြိုမှုဖြစ်စဉ်တွေထဲမှာတော့ အဆိုးရွားဆုံးနဲ့ လူသေဆုံးမှုအများဆုံးပါ။ ဒီဖြစ်စဉ်က ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူဦးရေ (၁၁၃)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတသမားတွေက အချိန်(၁)ပတ်ကျော်ကြာတဲ့ အထိ ရှာဖွေဆယ်ယူခဲ့ကြရတာပါ။ ဖားကန့်မှာ ၂၀၁၉-၂၀၂၀ခုနှစ်အတွင်း မြေပြိုမှု ဖြစ်စဉ် အကြိမ် (၅၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေ (၂၀၀)ကျော်ရှိခဲ့ရာ ယခုဖြစ်စဉ်ကတော့ အဆိုးရွားဆုံးဖြစ်စဥ်ဖြစ်ပါတယ်။ 


၄။ မန္တလေး တာရိုးကျိုးပေါက်မှုဖြစ်စဉ်

ရွာတွေထဲကို ရေတွေဝင်ရောက်နေလို့ မီးသတ်တပ်ဖွဲ့တွေ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေစဥ် / ဓာတ်ပုံ - ကိုနန္ဒ (မန္တလေး)

၂၀၂၀ခုနှစ်အတွင်း ပြည်သူတွေ ထိတ်လန့်ရတဲ့ ဖြစ်စဉ်တွေထဲမှာ မန္တလေး အမရပူရမြို့နယ်အတွင်းက ရွှေဂဲရေဆိုးထုတ်စက် စက်ရုံအနီးက တာရိုးကျိုးပေါက်မှု ဖြစ်စဉ်လည်းပါဝင်ပါတယ်။ ဒီဖြစ်စဉ်က ဇူလိုင်လ(၁၉)ရက်နေ့ ည(၇)နာရီလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းထက်ပိုင်းကျိုးကျခဲ့သလို အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်တွေကိုလည်း ရေဝင်ရောက်မှုရှိခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်ညလုံး ဆောင်ရွက်ခဲ့ကြရပါတယ်။ 

ရေဝင်ရောက်ခဲ့တဲ့ ရပ်ကွက်တွေကရေတွေကို အမြန်ဆုံးလျော့နည်းသွားအောင် တစ်နာရီကို ရေဂါလံတစ်သန်းနှုန်းစုပ်ယူပေးမှုတွေကို တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် လူဦးရေ ခြောက်ထောင်ကျော် ရေဘေးသင့်ခဲ့ရပါတယ်။ 


၅။ ဒဂုံဆိပ်ကမ်း မုန့်လုပ်ငန်းက ကလေးလုပ်သားတွေ ညှင်းပန်းနှိပ်စက်ခံရမှု

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ တရုတ်ဇနီးမောင်နှံပိုင်တဲ့ ပေါင်မုန့်လုပ်ငန်းတစ်ခုမှာ ကလေးအလုပ်သမားများကို နှိပ်စက်ညှင်းပန်းတယ်ဆိုတဲ့သတင်းကြောင့် စက်ရုံရှေ့မှာ လူစုလူဝေးဖြစ်ပေါ်နေစဥ်

နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်စီနဲ့ ပေါင်မုန့်လုပ်ငန်းက ကလေးလုပ်သားတွေကို အလုပ်ရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှု ဖြစ်စဉ်က ကိုဗစ်ကာလအတွင်းမှာ လူထုကို အုံ့ကြွစေခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ တရုတ်ဇနီးမောင်နှံနှစ်ဦးပိုင်ဆိုင်တဲ့ အဆိုပါလုပ်ငန်းက ဝန်ထမ်းကလေးတစ်ဦး ထွက်ပြေးလာရာကနေ အလုပ်သမားတွေကို အလုပ်ရှင်တွေက ညှင်းပန်းနှိပ်စက်ကြောင်းပြောပြခဲ့ရာက ရပ်ကွက်နေပြည်သူလူထုအနေနဲ့ စက်ရုံရှေ့ကိုသွားရောက်ကာ ဆူပူအုံကြွမှုတွေပြုလုပ်ခဲ့တာပါ။ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်အောင် တာဝန်ရှိသူတွေအနေနဲ့ တားဆီးခဲ့ပေမယ့်လည်း လုံးခြုံရေးဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကြားမှာပါ ခိုက်ရန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိမှုတွေလည်းရှိခဲ့ပါတယ်။ 

စက်ရုံအတွင်းကိုတော့ တာဝန်ရှိသူတွေအနေနဲ့ ဝင်ရောက်စစ်ဆေးရာမှာ ကလေးလုပ်သား (၁၈)ဦးတွေ့ရှိခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေကို အလုပ်စေခိုင်းမှုနဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် စက်ရုံပိုင်ရှင်ဇနီးမောင်နှံကို အမှုဖွင့်အရေးယူခဲ့ပြီး စက်ရုံကိုလည်းပိတ်သိမ်းခဲ့ပါတယ်။ 

တွေ့ရှိခဲ့တဲ့ ကလေး လုပ်သား (၁၈)ဦးအနက် (၁၀)ဦးမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသခဲ့ရပါသေးတယ်။ အခုချိန်မှာတော့ ကိုဗစ်ကူးစက်ခံကလေးတွေလည်း ကျန်းမာရေးအားလုံးကောင်းမွန်သွားပါပြီ။ ကလေးတွေကိုတော့ လက်ရှိမှာ လူကယ်ပြန်ဝန်ကြီးဌာနကပဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ စက်ရုံပိုင်ရှင်တွေကိုအမှုဖွင့်ထားတဲ့ကိစ္စကိုလည်း ဇန်နဝါရီလ (၅)ရက်နေ့မှာ ရုံးချိန်းစခေါ်မယ်လို့ သိရပါတယ်။ 


၆။ အဆုံးသတ်ခဲ့ရတဲ့ ဗစ်တိုးရီးယားအမှုနဲ့ ကိုအောင်ကြီးနဲ့ ရဲတပ်ဖွဲ့ နောက်ဆက်တွဲ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ / ဓာတ်ပုံ - ဆူးနစ် (NPT)

ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ နေပြည်တော်က မူကြိုကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရမှုက ၂၀၁၉ခုနှစ်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးက စိတ်ဝင်စားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီဖြစ်စဉ်မှာ ကျောင်းရဲ့ ယာဉ်မောင်းဖြစ်တဲ့ ကိုအောင်ကြီးဆိုသူကို သံသယတရားခံအဖြစ်ဖမ်းဆီးခဲ့ပေမယ့်လည်း ခိုင်လုံတဲ့ သက်သေထွက်ဆိုချက်တွေမရှိတာကြောင့် ကိုအောင်ကြီးက တရားရှင်အဖြစ် လွတ်မြောက်လာခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးက အမှုမှန်ပေါ်ပေါက်အောင် ဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့ပေမယ့် နှစ်နှစ်နီးပါးကြာဒီအမှုမှာ တရားခံမပေါ်ပေါက်ခဲ့ပါဘူး။ 

အမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကဘက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာအခါမှာ ဗစ်တိုးရီးယားအပါအဝင် မိသားစုဝင်တွေရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တာကြောင့် မေလအတွင်းမှာ ရဲအရာရှိများကို ရာထူးတိုးရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့တယ်လို့ မေလ ၂၀ ရက်နေ့က  နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောကြားခဲ့ပါတယ်။ 

အစွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီးကလည်း သူရဲ့ နစ်နာမှုအတွက် ရဲတပ်ဖွဲ့ကို သိန်း (၅၀၀၀)ရလိုမှုဖြင့် ဒီဇင်ဘာလအတွင်းမှာ တရားပြန်စွဲခဲ့ပါတယ်။ 

လက်ရှိအချိန်ထိတော့ ဗစ်တိုးရီးယားလေးရဲ့ အမှုက တရားခံဘယ်သူဆိုတာ မသိရှိခဲ့ရပါဘူး။


၇။ တစ်နှစ်လုံးကို လွှမ်းမိုးခဲ့တဲ့ ကိုဗစ်-၁၉

Image may contain: one or more people

ဖျားနာသူများကို COVID-19 သံသယဟုတ်မဟုတ် စနစ်တကျ စစ်ဆေးပေးမယ့် Fever Clinic ဖွင့်ရန် တောင်ဥက္ကလာပမြို့နယ် အ.ထ.က (၂) ကျောင်းဝင်းအတွင်းမှာ ပြင်ဆင်နေပုံ

ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ်အစပိုင်း တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ချိန်ကစလို့ မြန်မာနိုင်ငံအတွင်းမှာ စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ နိုင်ငံတွင်းကူးစက်မှုမရှိအောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပေမယ့်လည်း မတ်လ (၂၃)နေ့ နံနက် (၂)နာရီဝန်းကျင်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၂)ဦးစတင်တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ တစ်နိုင်ငံလုံး ထိတ်လန့်ခဲ့ရပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ညတွင်းချင်း City Mark တွေမှာ ရိက္ခာတွေကို အလုအယက်ဝယ်ယူစုဆောင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်းကူးစက်မှု စတင်ခဲ့စဉ်က ပြည်သူတွေအနေနဲ့ကလည်း စိုးရိမ်မှုတွေနဲ့ စည်းကမ်းလိုက်နာမှုတွေရှိခဲ့ရာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလမှာ ပြည်သူတွေအနေနဲ့ stay at home နေထိုင်ကြဖို့ အစိုးရညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခဲ့တဲ့အခါမှာတော့ ကိုဗစ်ပထမလှိုင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဇွန်လမှာ ပြန်လည်စတင်ခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းမှာတော့ ပြည်သူတွေရဲ့စည်းကမ်းလိုက်နာမှုအားနည်းလာခဲ့ပြီး အစိုးရအနေနဲ့ကလည်း ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပါတယ်။ တစ်နေ့ကို လူနာထောင်ကျော်တွေ့ရှိမှုတွေနဲ့ နိုင်ငံတွင်းကူးစက်မှုအလူးအလဲခံခဲ့ရတာ ယနေ့အထိပါပဲ။ ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေရှိခဲ့ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူတွေလည်း အများအပြားပါ။ ဒီဇင်ဘာလ (၂၉)ရက်နေ့ထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးမှာ ကိုဗစ်လူနာ (၁၂၃,၁၅၃) ဦးရှိပြီး သေဆုံးလူနာ (၂,၆၃၇)ဦးနဲ့ ပြန်လည်ကောင်းမွန်သူ (၁၀၅,၂၇၉)ဦးရှိပါတယ်။ 


၈။ ကိုဗစ်ကာလမှာ ကျင်းပခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ 

နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် မဲပေးရန်စောင့်ဆိုင်းနေသူများ

၂၀၂၀ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာ ပထမဆုံးသမိုင်းတွင်ခဲ့တဲ့ ရွေးကောက်ပွဲကြီးဖြစ်ပြီး ကပ်ရောဂါကြားမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါမှာ ရွေးကောက်ပွဲကျင်းပဖို့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကြားမှာပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး နိုင်ငံရေးသုတေသီတွေကြားမှာလည်း ဒီနှစ်ရွေးကောက်ပွဲက မဲပေးမှု ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိခဲ့တာပါ။ 

ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကပ်ရောဂါကြားက ကျင်းပခဲတဲ့ရွေးကောက်ပွဲကတော့ နိုင်ငံမှာသမိုင်းတွင်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။ 

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒေသအသီးသီးက ပါတီတွေကို အားပေးထောက်ခံသူတွေက အင်နဲ့အားနဲ့ ပါတီအင်အားပြသမှုတွေလုပ်ဆောင်ခဲ့ကြသလို ရွေးကောက်ပွဲနေ့မှာလည်း ကိုဗစ်စည်းကမ်းတွေနဲ့ အညီ တက်ကြွစွာမဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ကပ်ရောဂါကြောင့် ၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးမှုလျော့နည်းနိုင်တယ်လို့ ခန်မှန်းထားပေမယ့်လည်း မဲပေးခွင့်ရှိသူ ပြည်သူ (၃၈)သန်းကျော်ရဲ့ (၇၀)ရာခိုင်နှုန်းကျော်အထိမဲပေးခဲပြီး ၂၀၁၅ ရွေးကောက်ပွဲထက်လည်း မဲပေးမှုများခဲ့ပါတယ်။ 

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပေမယ့်လည်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကပ်ရောဂါကြား လူစုလူဝေးနဲ့ အင်အားပြလှည့်လည်ခဲ့တာတွေ၊ ရွေးကောက်ပွဲအပြီးမှာ လူစုလူဝေးနဲ့ အောင်ပွဲခံခဲ့မှုတွေကြောင့် နိုင်ငံတွင်းကိုဗစ်ကူးစက်လူနာအရေအတွက်ကတော့ တိုးလို့လာခဲ့ပါတယ်။ 

၂၀၂၀ရွေးကောက်ပွဲမှာတော့ လက်ရှိအုပ်ချုပ်နေတဲ့ NLD အစိုးရက ၈၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 




















က္က