လူနာ ၁၅၀ ကို တပြိုင်နက်တည်း ကုသနိုင်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

နှစ်သစ်ကူးညမှာ ရန်ကုန်ဆေးရုံကြီးကိုရောက် လာမဲ့ ထိခိုက်ဒဏ်ရာရသူတွေကို တပြိုင်နက်တည်း ကုသပေးနိုင်အောင်နဲ့ ကိုဗစ်ရောဂါသံသယရှိတဲ့သူတွေပါလာရင်လည်း နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ် ယူဖို့အတွက်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ကုသမှု‌ဆေးပညာဌာနကနေ သိရပါတယ်။

  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး(ဗဟို)ကော်မတီက နှစ်သစ်ကူးညတွင် လူစုလူဝေးဖြင့်ပျော်ပါးခြင်းမပြုရန် ထုတ်ပြန်ထားပေမဲ့ မူးယစ်သောက်စားပျော်ပါးပြီးထိခိုက်ဒဏ်ရာရရှိတာတွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ပြင်ဆင်ထားရခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

"နှစ်သစ်ကူးညမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အရက်ကြောင့်ဖြစ်လာမယ့် ဒဏ်ရာရမှုတွေ၊ ယာဥ်မတော်တဆမှုတွေ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရလူနာတွေကို တပြိုင်နက်ကုသပေးနိုင်အောင်စီစဥ်ထားပါတယ်။ လူနာဦးရေ ၁၅၀ ကို တပြိုင်နက်ကုသမှုပေးနိုင်ပါတယ်။ နှစ်တိုင်းလည်းဒီလိုညမျိုးအတွက်ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနှစ်ကတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ပိုပြီးဂရုစိုက်ပြင်ဆင်ထားရပါတယ်" လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှူး ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိလာမယ့် လူနာတွေထဲမှာ Covid-19 ရောဂါလက္ခဏာတွေ့ရှိရင် နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ် ယူဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေကို တိုးမြှင့်တာဝန်ပေးထားတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ Covid-19 ရောဂါစပြီးဖြစ်ပွားခဲ့တဲ့ မတ်လ ကနေစပြီး ဒီဇင်ဘာ ၃၀ ရက်အထိ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေအရ အတည် ပြုလူနာ ၁၂၃, ၇၄၀ ဦးရှိပြီး သေဆုံးခဲ့သူက တော့ ၂၆၆၄ ဦးရှီကာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရသူက ၁၀၆၁၂၁ ဦးရှိပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က