ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေများစွာမှာ အဆိုးဖြစ်ရပ်ချည်းတွေပဲ မဟုတ်ဘဲ ကောင်းမွန်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်ဟာ တစ်ကမ္ဘာလုံးက မမျှော်လင့်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရဲ့ အလစ်ငိုက် တိုက်ခိုက်မှုကိုခံကြရပြီး မြန်မာအပါအဝင် တစ်ကမ္ဘာလုံး ဒီရောဂါကူးစက်မှု ဒဏ်ကို ခံခဲ့ကြရပါတယ်။ ကိုဗစ်-၁၉ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို ကမ္ဘာမှာ လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝပုံစံတွေ ပြောင်းလဲခဲ့ကြရပါတယ်။ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေများစွာမှာ အဆိုးဖြစ်ရပ်ချည်းတွေပဲ မဟုတ်ဘဲ ကောင်းမွန်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒီထဲကမှ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ရပ်ဆိုးထဲကနေ အကောင်းဘက်ကို ဦးတည်ခဲ့တဲ့ ဖြစ်ရပ်အချို့ကို ကောက်နှုတ်ဖော်ပြလိုပါတယ်။

မြန်မြန်ထိုးနှံနိုင်တော့မယ့် ကိုဗစ်ကာကွယ်ဆေး

Photo-ကိုဗစ်စစ်ဆေးရန် နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ယူပေးနေသော ကျန်းမာရေးဝန်ထမ်းများ

လူတွေမှာ ထိုးနှံနိုင်တဲ့ စိတ်ချရတဲ့ ကာကွယ်ဆေးတစ်ခုထုတ်လုပ်နိုင်ဖို့ဆိုရင် အနည်းဆုံး ငါးနှစ်ဝန်းကျင်ကြာမြင့်လေ့ရှိတယ်လို့ ပညာရှင်တွေရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။ ဒါဟာ တိုးတက်ဖွံ့ဖြိုးတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ ယခင်က ကြာမြင့်ခဲ့တဲ့ အခြေအနေဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရောက်ရှိဖို့ဆိုရင် ဒီထက်ပို ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ရောဂါ ကတော့ ကမ္ဘာ့ကူးစက်ရောဂါဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုများတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပြီး သမိုင်းမှာ အစောဆုံးရရှိလာတဲ့ ကာကွယ်ဆေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုဗစ်ကာကွယ်ဆေးကို အနောက်နိုင်ငံကြီးတွေနဲ့ အာရှနိုင်ငံအချို့မှာ ထိုးနှံနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း (၂၀၂၁) ခုနှစ်ရဲ့ ဒုတိယ သုံးလပတ် (ဧပြီလ) အတွင်း ထိုးနှံခွင့်ရတော့မှာပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မရှိမဖြစ်ရှေ့တန်းလုပ်သားတွေ ကို ဦးစားပေးမယ်လို့ ဆိုပေမယ့် ကာကွယ်ဆေးထိုးဖို့ တစ်ယောက်မှ မချန်ခဲ့ဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကလည်း မြန်မာပြည်သူအတွက် ကိုဗစ်ဖြစ်ရပ်ဆိုးတွေထဲက ဝမ်းသာစရာသတင်းကောင်းဖြစ်ခဲ့ပါတယ်။



ကိုဗစ်ဝန်ကို ပရဟိတစိတ်အပြည့်နဲ့ ပံ့ပိုးပေးသူများ

Photo-ကိုဗစ်လူနာနဲ့ဆက်စပ်တဲ့ မိသားစုတွေကို ပရဟိတအဖွဲ့က ကူညီခေါ်ဆောင်ပေးနေစဉ်

ကူညီတတ်တဲ့စိတ်၊ ပရဟိတစိတ် အပြည့်ရှိသူရယ်လို့ သတ်မှတ်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ကပ်ရောဂါဆိုးကြီး ကြုံလာချိန်မှာ အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ လူမှုရေး အသင်းအဖွဲ့တွေ၊ပရဟိတ အဖွဲ့အစည်းတွေနဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေရဲ့ အင်အားက အထောက်အပံကောင်းတွေ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်နီးပါး ကိုဗစ်-၁၉ ဒဏ်ကို ခံစားနေရ တဲ့ မြန်မာနိုင်ငံမှာ နေ့စဉ် ကူးစက်သူဦးရေနဲ့ သေဆုံးသူတွေ ထောင်နဲ့ချီတိုးလာချိန်မှာ ဘုန်းကြီးကျောင်းတွေနဲ့ တောရကျောင်းတွေကို ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲခဲ့ပြီး ဆရာတော်ကြီးတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလမှာ ဘာသာရေး၊လူမျိုး ခွဲခြားမနေဘဲ ကွာရန်တင်းနေထိုင်ရသူတွေနဲ့ ကိုဗစ်ကူးစက်ခံရသူတွေဆီကို နေ့စဉ်စားသောက်မှု အဆင်ပြေစေဖို့ ခရစ်ယာန်ကျောင်းတွေ၊ ဗလီကျောင်းတွေက ချက်ပြုတ်ပို့ဆောင်ပေးကြတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ နေရာဌာနအသီးသီးက ပရဟိတစိတ် အပြည့်ရှိတဲ့လူငယ်တွေကလည်း မိသားစုတွေကို ခွဲခွာပြီး ကွာရန်တင်းစင်တာတွေမှာ ဝိုင်းဝန်းလုပ်ကိုင်ပေးနေကြတဲ့ ပုံရိပ်တွေကလည်း မြန်မာလူမျိုးတွေရဲ့ ကူညီရိုင်းပင်းတဲ့ စိတ်ပြည့်ဝမှုကို ဖော်ညွှန်းနေပါတယ်။ 

ကိုဗစ်ကြောင့် တိုးတက်လာတဲ့အလုပ်အကိုင်များ

Photo-အစားအသောက်ပို့လုပ်ငန်း လုပ်ကိုင်နေကြတဲ့ လူငယ်များ

ကိုဗစ်ကြောင့် လုပ်ငန်းပေါင်းစုံထိခိုက်နစ်နာပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရသလို ကိုဗစ်ကြောင့်ပဲ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ပေါ်လာပြီး တိုးတက်လာတဲ့လုပ်ငန်းတွေရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုမရှိအောင် နေရတဲ့ ဘဝနေထိုင်မှုပုံစံသစ်မှာ ပြင်ပမှာ သွားလာလုပ်ကိုင်ရတဲ့ အလုပ်အကိုင်တွေထက် နေအိမ်ကနေ (work from home ) လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်ပုံစံသစ်တွေ ပြောင်းလဲခဲ့ကြပါတယ်။ ကိုဗစ်ကာလအတွင်း စာရင်းအင်းနဲ့ငွေကြေးပိုင်းဆိုင်တဲ့ အလုပ်တွေ၊ အင်ဂျင်နီယာနဲ့နည်းပညာပိုင်းဆိုင်တဲ့ အလုပ်တွေ၊ ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အလုပ်အကိုင်တွေ၊ ရုံးပိုင်းဆိုင်ရာအလုပ်အကိုင်တွေ၊ Community နဲ့ Social Services လုပ်ငန်းပိုင်းတွေက ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သိသာထင်ရှားစွာ တိုးတက်မှုကို မြင်နိုင်တဲ့ အလုပ်တွေကတော့ Delivery လုပ်ငန်း ၊ Digital Marketing ၊ Production ၊ Content Writer ၊ စာရင်းကိုင်အလုပ်တွေဖြစ်ပြီး လုပ်သားခေါ်ယူမှုအများဆုံးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အစားအသောက်အပါအဝင် ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အလုပ်အကိုင်အခွင့် အလမ်း များလာတဲ့အပြင် အပြင်ထွက်ဖို့ အခက်အခဲရှိသူတွေအတွက် များစွာ အထောက်အကူ ပြုနိုင်ခဲ့ပါတယ်။

ကိုဗစ်ကြောင့် တိုးတက်လာတဲ့ အွန်လိုင်းပညာရေး

Photo-ကိုဗစ်ကာလအတွင်း စာသင်ကျောင်းတွေ ခေတ္တပြန်လည်ဖွင့်လှစ်စဉ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်ကျောင်းတွေ၊ အခြေခံပညာကျောင်း‌‌တွေပိတ်ထားရပြီး သင်ကြားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရချိန်မှာ အွန်လိုင်းကနေ သင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ သင်ယူနိုင်တဲ့ ပညာရေးစနစ်ကို စတင်ဖို့ အစိုးရအပါအဝင် ပုဂ္ဂလိက သင်ကြားရေးလုပ်ငန်းတွေက ကြိုးပမ်းကြပေမယ့် အစိုးရဘက်ကတော့ စနစ်တကျ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူးး။ လက်ရှိတော့ ပုဂ္ဂလိက သင်ကြားရေးလုပ်ငန်းတွေအားလုံး ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ လည်ပတ်နေကြတာကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ရပြီး လူကြီးလူငယ်မရွေး နည်းပညာအသုံးပြုတဲ့ သင်ကြားရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်တာ ကိုဗစ်-၁၉ဖြစ်စဉ်ထဲက တိုးတက်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အွန်လိုင်းပညာ သင်ကြားမှု တိုးတက်လာပြီး လူတွေ ဒီစနစ်မှာ ပိုမိုရင်းနှီးကျွမ်းဝင်လာတာနဲ့အမျှ ဝေးလံတဲ့ ဒေသတွေက ကျောင်းသားတွေလည်း မြို့ပြက ကျောင်းသားတွေနဲ့ တပြေးညီ ပညာသင်ကြားရေးစနစ် အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်မယ်လို့ ယူဆရပါတယ်။ “အွန်လိုင်းမှာသင်တာက အပြင်မှာသင်တာနဲ့ မကွာပါဘူး။ အလုပ်လုပ်နေရင်းနဲ့သင်ယူလို့ရတာက သူ့အားသာချက်ပဲ”လို့ ကိုဗစ်ကြောင့် အွန်လိုင်းကနေ ဂျပန်ဘာသာစကားသင်ယူနေတဲ့ ကျောင်းသားတစ်ဦးကလည်း သူ့အတွေ့အကြုံကို Duwunကို ပြောပြထားပါတယ်။

ကိုဗစ်နဲ့ ကိုယ်ချင်းစာတရား

Photo-မိမိနေအိမ်ကနေ ကျန်းမာရေးဝန်ထမ်းတွေကို လက်ခုပ်တီးဂုဏ်ပြုနေတဲ့ ပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားချိန် ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရောဂါနဲ့ဆက်စပ်သူတွေလို့ဆိုရမယ့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေ၊ ပိုးတွေ့လူနာတွေနဲ့ လူနာတွေနဲ့ ထိတွေ့သူတွေကို ကြောက်လန့်တကြား ရှောင်ဖယ်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကတိုက်ထုတ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုတွေအတွက် လက်ခုပ်တီးဂုဏ်ပြုခြင်းတွေ လုပ်ဆောင်ဖို့ လူမှုကွန်ရက်မှာ အချင်းချင်းဆော်သြခဲ့ကြပြီး ည(၈)နာရီမှာ လက်ခုပ်တီးသံတွေနဲ့ ဝေဆာခဲ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့ရှိသူနဲ့ ဆက်စပ်ထိတွေ့သူတွေကို သက်ဆိုင်ရာလူနာတင်ယာဉ်တွေက လာရောက်ခေါ်ဆောင်တဲ့အခါမှာလည်း အမြန်ဆုံးကျန်းမာပြီး အိမ်ပြန်လာနိုင်ဖို့ လမ်းသူလမ်းသားတွေက လက်ခုပ်တီးအားပေးစကားပြောကြတဲ့ အလေ့အထတွေကို မြင်တွေ့ခဲ့ကြရပါတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်လာမှု မဟုတ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်လာမှုဖြစ်ပြီး လူအဖွဲ့အစည်းအတွက် အရေးပါတဲ့ အလေ့အထတစ်ခုလည်း ဖြစ်ပါတယ်။

ကိုဗစ်နဲ့ မြန်မာလူငယ်တွေရဲ့ တီထွင်မှု

Photo-ဆေးရုံသုံး စက်ရုပ်ကိရိယာတီထွင်ခဲ့တဲ့ မြန်မာလူငယ်တစ်ဦး

မြန်မာနိုင်ငံရဲ့ ကိုဗစ်ကုသကာကွယ်ရေးလုပ်ငန်းတွေမှာ ကျန်းမာရေးအထောက်အကူအပြုပစ္စည်းတွေ၊ ဆေးရုံသုံး စက်ရုပ်ကိရိယာတွေကိုလည်း မြန်မာနည်းပညာလူငယ်တွေက ဖန်တီးနိုင်ခဲ့မှုက ကိုဗစ်ဖြစ်ရပ်ဆိုးအကြား ဂုဏ်ယူစရာတစ်ခုပါ။ ဆေးရုံတွေမှာ လိုအပ်တဲ့ အသက်ရှုစက်ကိရိယာတွေ၊ ဆေးဖြန်းပေးတဲ့ စက်ရုပ်တွေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာတွေအကြား ထိတွေ့မှုနည်းအောင် ပစ္စည်းတွေ သယ်ပေးတဲ့ ထော်လီတွေကို  နည်းပညာနယ်ပယ်က ပညာရှင်တွေနဲ့ကျောင်းသားလူငယ်တွေဟာ တတ်စွမ်းသရွေ့ ထုတ်လုပ်ပြီးလှူဒါန်းပေးခဲ့ကြတာပါ။ ဒါဟာ မြန်မာလူငယ်တွေ မခေဘူးဆိုတာကို သက်သေပြနိုင်ခဲ့တဲ့ ဖြစ်ရပ်ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က