Test Kit နဲ့စစ်ဆေးတဲ့အခါမှာလည်း ၆၂ ဦးလုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာမရှိဘူးလို့ သိရပါတယ်။
Ei Ei Mar

 နိုင်ငံတကာနှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနကိုရောက်လာတဲ့ ထိခိုက်ဒဏ်ရာရသူဦးရေက ၆၂ ယောက်ပဲရှိတာကြောင့် အရင်နှစ်ကရောက်လာတဲ့ လူနာအရေအတွက်ထက် သုံးပုံနှစ်ပုံလျော့နည်းသွားတယ်လို့ အရေးပေါ်ကုသမှုဆေးပညာဌာနက ပါမောက္ခဒေါက်တာမော်မော်ဦးဆီကနေ သိရပါတယ်။

"ညတုန်းကရောက်လာတဲ့ ထိခိုက်ဒဏ်ရာရသူအရေအတွက်က ၆၂ ယောက်ပဲရှိတယ်။ အရင်နှစ်ကဆိုရင် ထိခိုက်ဒဏ်ရာရပြီးရောက်လာတဲ့လူနာအရေအတွက်က ၁၈၀ / ၁၉၀ လောက်ကအနည်းဆုံးရောက်လာတယ်၊ဒီနှစ်မှာတော့ ယာဥ်မတော်တဆမှုကြောင့်ရောက်လာတဲ့လူနာက ၁၈ ယောက်၊ခိုက်ရန်ဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရသူအရေအတွက်က ၂၂ ယောက်နဲ့တခြားထိခိုက်ဒဏ်ရာရသူအရေအတွက်က ၂၂ ယောက်ပဲရှိတယ်။ သေဆုံးတဲ့သူတစ်ယောက်မှမရှိပါဘူး။ ဖြစ်စဥ်တွေထဲကမှ ယာဥ်မတော်တဆမှုတွေမှာ ဖြစ်စဥ်နေရာတွေက ရန်ကုန်မြို့လယ်ခေါင်မှာမဟုတ်ဘဲ မြို့ပြင်တွေမှာပဲဖြစ်တာကိုတွေ့ရပါတယ်"လို့ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။

အခုလို ရန်ကုန်ဆေးရုံကြီးကို နှစ်သစ်ကူးညမှာရောက်လာတဲ့ ထိခိုက်ဒဏ်ရာရသူဦးရေ လျော့နည်းသွားရခြင်းမှာ ပြည်သူလူထု လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များကလှည့်ကင်းများ လှည့်လည်ခြင်းနဲ့ ကိုဗစ် စည်းကမ်းချက်များကို တင်းကျပ်စွာထုတ်ပြန်ထားခြင်းကြောင့် အရင်နှစ်ကထက် ထိခိုက်ဒဏ်ရာရတဲ့သူ လျော့နည်းသွားရခြင်းဖြစ်သလို စည်းကမ်းချက်တွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ပြီး စည်းကမ်းနဲ့ထိန်းသိမ်းလိုက်တဲ့အတွက် ကိုဗစ်ရော ထိခိုက်ဒဏ်ရာရသူရော အများကြီးလျော့နည်းသွားတယ်၊ စည်းကမ်းလိုက်နာရင် အရက်သေစာသောက်စားမှုနည်းရင် အခုလိုထိခိုက်ဒဏ်ရာရတဲ့သူနည်းတယ်လို့လည်း ဒေါက်တာမော်မော်ဦးကသုံးသပ်ပြောကြားခဲ့ပါတယ်။

 "ကျွန်တော်တို့က နှစ်စဥ် သင်္ကြန်နဲ့ နှစ်ကူးဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို ပုံမှန်ထက် နှစ်ဆပိုပြီး ချထားတယ်၊ညကဆိုရင်လည်း ရောက်လာမဲ့လူနာတွေကို လူနာဦးရေ ၁၅၀ လောက် တပြိုင်တည်းကုသမှုပေးနိုင်အောင်ကြိုတင်စီစဥ်ထားတယ်၊လူနာတစ်ယောက်ချင်းဆီလာတာကိုမကြောက်ဘူး အစုလိုက်အပြုံလိုက်လာမှာပဲကြောက်တာ၊တော်သေးတယ်ညက အစုလိုက်အပြုံလိုက်ရောက်မလာခဲ့ပါဘူး"ဟုပါမောက္ခဒေါက်တာမော်မော်ဦးကပြောပါတယ်။

နှစ်သစ်ကူးညမှာ ရန်ကုန်ဆေးရုံကြီးကိုရောက်လာတဲ့ ထိခိုက်ဒဏ်ရာရသူ ၆၂ ယောက်ကို ကိုဗစ်ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိကို Test Kit နဲ့စစ်ဆေးတဲ့အခါမှာလည်း ၆၂ ဦးလုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတာမရှိဘူးလို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က