မြန်မာ့ထောပတ်သီးတွေကို တရုတ်နဲ့ စင်ကာပူတို့က ဝယ်လိုအားရှိသလို ယူကေ ဂျာမနီနဲ့ နယ်သာလန်စတဲ့အနောက်နိုင်ငံတို့ကလည်း ဝယ်လိုမှုရှိနေပါတယ်။
Minn Nandar

ကိုဗစ်ကပ်ရောဂါကာလမှာ အင်္ဂလန်နိုင်ငံကိုမြန်မာ့ထောပတ်သီး ၃ မျိုးစမ်းသပ်တင်ပို့ခဲ့ရာကနေ ရလဒ်ကောင်းတွေရရှိခဲ့တဲ့ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)အနေနဲ့ လက်ရှိကာမှာလည်း ရှမ်းနဲ့ချင်းတောင်တန်းဒေသထွက် မြန်မာ့ထောပတ်သီးနှစ်မျိုးကို ထပ်မံ စမ်းသပ်တင်ပို့ဖို့ပြင်ဆင်နေတယ်လို့ အသင်းရဲ့ဒု-ဥက္ကဋ္ဌဦးမျိုးညွန့်က Duwun ကိုပြောပါတယ်။

"Shan Avocado Company က အသင်းကိုကိုယ်စားပြုပြီးတော့ပေါ့လေ၊ ပြီးခဲ့တဲ့နိုဝင်ဘာလက မြန်မာ့ထောပတ်သီးကို အင်္ဂလန်ကို ပထမဆုံးတစ်ကြိမ်စမ်း သပ်တင်ပို့တာပေါ့၊ ဈေးကွက်စဖောက်ကြည့်တာပေါ့နော်၊ သူတို့ကစမ်းသပ်ပြီးတော့ Hass နဲ့ မြန်မာမျိုးရင်းဖြစ်တဲ့ အမရာ(Amara) ကိုကြိုက်သွားတယ်၊ လက်ခံသွားတယ်ပေါ့၊ လက်ခံသွားတဲ့အတွက် အခုတစ်ခါ  ချင်းတောင်ကတစ်မျိုးရယ်၊ ရှမ်းတောင်ကဒေသမျိုးတစ်မျိုးရယ်ပေါ့၊ ထောပတ်မျိုးနှစ်မျိုးကို ထပ်ပြီးစမ်းသပ်ပို့မှာပါ" လို့ ဦးမျိုးညွန့်ကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ ပြည်တွင်းထွက်ကုန်သီးနှံတွေ ပြည်ပတင်ပို့ဖို့အခက်အခဲတချို့ရှိနေချိန်မှာပဲ မြန်မာ့ထောပတ်သီးကို အင်္ဂလန်နိုင်ငံဈေးကွက်ဆီ ဈေးကွက်ချဲ့ထွင်လိုက်တာလည်းဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ်စမ်းသပ်တင်ပို့နိုင်ခဲ့တဲ့ Shan Avocado Company ကို MAVO က စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဆုချီးမြှင့်ခဲ့ပါတယ်။ "ချင်းတောင်တန်းမှာစိုက်တဲ့ထောပတ်သီးတွေထဲက အလားအလာကောင်းတဲ့တစ်မျိုးရယ်၊ ရှမ်းတောင်က ပင်ဂွင်းလို့နာမည်ပေးထားတဲ့ဒေသမျိုးရယ် အဲဒီနှစ်မျိုးစမ်းသပ်ပို့မှာပါ၊ အခုကပို့ဖို့ပြင်ဆင်နေတာပါ၊ ဒီဇန်နဝါရီလထဲပို့မှာပါ"လို့လည်း ၎င်းကပြောပါတယ်။

ထောပတ်သီးတွေဟာ မြန်မာနိုင်ငံမှာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး ဟိုပုန်း ပင်လောင်း ဖယ်ခုံ ရွာငံနဲ့ ပင်းတယမြို့တို့မှာ အများဆုံးထွက်ရှိတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မှာဒုတိယအများဆုံးနဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက် မင်းတပ်နဲ့မတူပီမြို့တို့မှာ တတိယအများဆုံးထွက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကထောပတ်သီးတွေကို တရုတ်နိုင်ငံနဲ့စင်ကာပူနိုင်ငံတို့ကဝယ်လိုအားရှိသလို ယူကေ ဂျာမနီနဲ့နယ်သာလန်စတဲ့အနောက်နိုင်ငံတို့ကလည်း ဝယ်လိုမှုရှိနေတယ်လို့ သိရပါတယ်။


Author


က္က