ကန်ထရိုက်စနစ်နဲ့ လေလံပေးခဲ့စဥ်က တစ်နှစ်ကို သိန်း ၅၀၀ တောင်မကျော်ခဲ့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးရဲ့ အလှူခံငွေကိစ္စကို ကန်ထရိုက်စနစ် ပေးစဥ်က လေလံကြေးက တစ်နှစ်ကို သိန်း ၅၀၀ တောင်မရခဲ့ပေမဲ့ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းလိုက်တဲ့ ၂၀၁၆ ခုနှစ်ကစလို့ ရွှေတိဂုံစေတီတော်ရဲ့ ဘဏ္ဏာငွေရရှိမှုဟာ ၅၀ ဘီလီယံရဲ့အထက်မှာ ရှိနေတယ်လို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်အရ သိရပါတယ်။



 အခါကြီးလပြည့်ရက် ၃ ရက်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့နဲ့ တန်ဆောင်မုန်းလပြည့်နေ့ ၃ ရက်က ရရှိငွေက လေလံကြေးကရရှိတဲ့ ငွေထက် ပိုများတယ်လို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

"ဟိုတုန်းက ဂြိုဟ် ၈ ခွင် ခေတ်အဆက်ဆက် တစ်နှစ်လုံးရတဲ့ လေလံကြေးက သိန်း ၅၀၀ မကျော်ပါဘူး။ ကန်ထရိုက်ဖြုတ်ပြီးမှ သော့ခတ်ပြီး အလှူခံပုံးချတဲ့စနစ် ကျင့်သုံးလိုက်တဲ့အခါကျတော့ သိန်း ၅၀၀ က တစ်နှစ်တစ်နှစ်မှာ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ အခါကြီးနေ့ ၃ ရက်နဲ့ကို သိန်း ၅၀၀ မက ရပါတယ်။ အခုကျတော့ ငွေပမာဏသည် အဆ ၁၀၀ မက တက်သွားပါတယ်" လို့ သူရဦးအောင်ကိုက ဆိုပါတယ်။

ဂြိုဟ် ၈ ခွင် ရေတိုင်တွေမှာ ကန်ထရိုက်တွေရဲ့ လောဘတက်မှု၊ ဘုရားဖူးဧည့်သည်တွေနဲ့ အဆင်မပြေမှုတွေကြောင့် ၂၀၁၆ ခုနှစ်ကစတင်ပြီး ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး ဂြိုဟ် ၈ ခွင် ရေတိုင်တွေမှာ ရေပူဇော်ချိန်တွေမှာ သဒ္ဓါတရားရှိသလောက် အလှူငွေ ထည့်ဖို့ အလှူခံပုံးများ ထားရှိလိုက်ပြီးတဲ့နောက် အဆိုပါ အလှူခံပုံးတွေမှာ အခုလို အလှူငွေရရှိမှု များပြားလာတာလို့ သူရဦးအောင်ကိုက သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ငါးနှစ်အတွင်း ဆောင်ရွက်ချက်များကို ဖြေကြားစဥ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလှူခံငွေအပြင် ဖိနပ်အပ်တဲ့လုပ်ငန်းမှာလည်း ကန်ထရိုက်မအပ်တော့ဘဲ အလှူငွေကြိုက်သလောက်ထည့်တဲ့စနစ်ကို ကျင့်သုံးလိုက်တဲ့နောက် ၁၀ ဆမက ပိုရတယ်လို့ သိရပါတယ်။

သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန

ကန်ထရိုက်စနစ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် ရွှေတိဂုံစေတီတော်ရဲ့ ဘဏ္ဏာငွေရရှိမှုအခြေအနေက ၂၀၁၆ ခုနှမှာ ကျပ် ၅၈ ဘီလီယံ၊ ၂၀၁၇ ခုနှစ်မှာ ကျပ် ၆၅ ဘီလီယံ၊ ၂၀၁၈ ခုနှစ်မှာ ၇၃.၉၆ ဘီလီယံနဲ့ ၂၀၁၉ ခုနှစ်မှာ ကျပ် ၈၉.၈၇ ဘီလီယံတို့ ဖြစ်ပြီး၂၀၂၀ အောက်တိုဘာလအထိ ရရှိငွေကတော့ ယခင်လေးနှစ်ထက်ပင် ပိုခဲ့ကာ ၉၄.၁၂ ဘီလီယံအထိ ရရှိခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က