လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ အားလုံးအမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ကာ တိုင်းရင်းသားပြည်သူတွေ အားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်တဲ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ ပြည်တွင်းငြိမ်းချမ်းရေးခိုင်မာအောင်ပြန်လည်တည်ဆောက်လာနိုင်တာနဲ့အမျှ မြန်မာတစ်နိုင်ငံလုံး လူမှုစီးပွားဘ၀ တိုးတက်ရေးကို ပိုမိုအားသွန်ခွန်စိုက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း သမ္မတဦးဝင်းမြင့်က ဆိုပါတယ်။

အစိုးရအနေနဲ့လည်း နိုင်ငံတော် ခေတ်မီဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေးဖူလုံမှု၊ ပညာရေးအဆင့်အတန်းမြင့်မားမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည့်စုံကောင်းမွန်မှုနဲ့ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းစောင့်ရှောက်မှု အစရှိတဲ့ ဘက်စုံဖွံဖြိုးတိုးတက်လာရေးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးကို အရယူပေးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွတိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ မျှော်မှန်းချက်တွေကို နည်းမှန်လမ်းမှန်နဲ့ အကောင်အထည်ဖော်ကြဖို့က နိုင်ငံသားအားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးစတဲ့ တို့တာဝန် အရေး( ၃) ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားနဲ့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတ တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံညီလာခံအစည်းအဝေးကိုစတုတ္ထအကြိမ်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အနာဂတ်မှာ အရေးပါတဲ့ သဘောတူညီချက်တွေ၊ (၂၀၂၀) အလွန် ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတို့ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ အညီ ၊ နိုင်ငံတော်ရဲ့ ပကတိအခြေအနေတွေအရ ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ ကိုက်ညီစေဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ကိုလည်း သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။



က္က