မြန်မာမှာ တွေ့ရတဲ့ ဗီဇပြောင်းပိုးက ယူကေမှာ ဖြစ်ခဲ့တဲ့ ဗီဇပြောင်းပိုးမဟုတ်ကြောင်း ၊ ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ မျိုးဗီဇပြောင်း ကူးစက်မြန်ဗိုင်းရပ်စ်ပိုးကြောင့် မြန်မာနိုင်ငံက သတိပြုဖို့လိုအပ်ပြီး ကိုဗစ်တတိယလှိုင်းအတွက် နည်းလမ်းနှစ်ခုနဲ့ ထိန်းချုပ်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ (၅) ရက်မှာ အေးရှားဝေါလ်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းနေတဲ့ ကုတင် (၁၀၀) ဆံ ကူးစက်ရောဂါကု အဆင်မြင့်ဝေဘာဂီဆေးရုံသစ်ကြီး ပန္နက်တင်အခမ်းအနားတက်ရောက်စဉ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းရိုက်ခတ်လာမယ်ဆိုရင် ဆောင်ရွက်ရမယ့် နည်းလမ်း နှစ်သွယ်ကို ရန်ကုန်တိုင်းအစိုးရက အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေပြီး ရောဂါကာကွယ်ကုသထိန်းချုပ်ရေးအစီအစဉ်နဲ့အတူကိုဗစ်နဲ့ အတူယှဉ်တွဲပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေး အစီအစဉ်တွေကိုလည်း တစ်ပြိုင်နက်တည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။



Photo: MOHS

“ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်နှုန်းမြန်တဲ့ ကူးစက်မှုတစ်ခု ထပ်မံဖြစ်ပွားနေတဲ့အခြေအနေရှိပါတယ်။ အင်္ဂလန်နိုင်ငံက စတင်ပြီး ဥရောပနိုင်ငံတွေကနေ အာရှနိုင်ငံတွေဘက်ကို ရွေ့လျားလာတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီအခြေအနေအတွက် ကျွန်တော်တို့ သတိပြုရမယ့် အနေအထားတစ်ခုပါ။ တတိယလှိုင်းသာ ကျွန်တော်တို့ နိုင်ငံအတွင်း ရိုက်ခတ်လာရင် ပြင်ဆင်မှုတွေ ရှိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ နည်းလမ်း နှစ်သွယ် ပြင်ဆင်နေတယ်။ တစ်ခုကတော့ ကိုဗစ်-၁၉ ဖြစ်ပွားလာရင် ရောဂါကုသကာကွယ်ထိန်းချုပ်ရေးတွေ ဆောင်ရွက်ဖို့ ဖြစ်တယ်။ရောဂါဖြစ်တဲ့သူတွေကို ရှာဖွေဖော်ထုတ်မယ်။ ကွာရန်တင်းစင်တာတွေမှာထားမယ်။ ကုသရေးအတွက် လိုအပ်တဲ့ သူတွေကို ဆေးရုံတင်ကုသပေးမယ်။ တစ်နှစ်ကျော်ကာလကို ရောက်လာပြီဖြစ်တဲ့အတွက် ကုသကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေသလို တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူနေမှုဘဝအခက်အခဲတွေ မဖြစ်ဖို့ ၊ အခြေခံပြည်သူတွေ အလုပ်အကိုင်တွေ မပျောက်ဆုံးစေဖို့ ၊လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာပါ။ကိုဗစ်ရောဂါကို အပြီးပြတ်မတွန်းလှန်နိုင်တဲ့အချိန်မှာ ကိုဗစ်နဲ့ ရပ်တည်ပြီး စီးပွားရေး၊လူမှုရေးနယ်ပယ်အသီးသီးပြန်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြည်သူလူထုကို အသိပေးလိုကြောင်း၊ ဒါပေမယ့် လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်ပိုးက မိမိတို့ နိုင်ငံကို တံခါးလာခေါက်နေကြောင်း၊  ပြည်သူလူထုအနေနဲ့ တတိယလှိုင်းကို မခံစားရအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကလည်း ပြောပါတယ်။

Photo: MOHS

“ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က အလွန်လည်း မြန်ပါတယ်။ ဂျပန်လည်းရောက်နေပြီ။ အိမ်နီးချင်းနိုင်ငံတွေလည်း ရောက်နေပြီ။ ကျွန်တော်တို့ကိုလည်း တံခါးလာခေါက်နေပြီ။ ကျွန်တော်တု့ိအနေနဲ့ ပထမလှိုင်းတုန်းကလို တင်းတင်းကျပ်ကျပ်ဆောင်ရွက်မယ်။ ကျွန်တော်တို့ ပြည်သူလူထု တတိယလှိုင်းကို မခံစားရအောင် အစွမ်းကုန်ကြိုးစားပါ့မယ်။ ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်ရမှာပါ” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းက ယူကေမှာဖြစ်ပေါ်ခဲ့တဲ့ ဗီဇပြောင်း ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လက်ရှိ ဥရောပနိုင်ငံတွေအပြင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ အစရှိတဲ့ အာရှနိုင်ငံတွေ အပါအဝင် စုစုပေါင်း နိုင်ငံပေါင်း (၂၈) နိုင်ငံမှာကူးစက်ပျံ့နှံနေတယ်လို့လည်း နိုင်ငံတကာသတင်းတွေ အရသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာလည်း အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်ပိုးရှိ၊မရှိ ဆေးသုတေသနဦးစီးဌာနက စစ်ဆေးခဲ့ရာ မြန်မာမှာ တွေ့ရတဲ့ ဗီဇပြောင်းပိုးက ယူကေမှာ ဖြစ်ခဲ့တဲ့ဗီဇပြောင်းပိုးမဟုတ်ကြောင်း ၊ ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃၀) ရက်ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က