(၁၄) ရက်အတွင်း ကိုဗစ်ပိုးတွေ့ လူနာအသစ်မရှိတဲ့အပြင် လူဦးရေနည်းပါးတဲ့ ရပ်ကွက်၊ကျေးရွာ (၃၂၅) ခုကို တင်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်၊ကျေးရွာအချို့ကို Stay Home အစီအစဉ်ကနေ ထပ်မံဖြေလျှော့ဖို့ တိုင်းအစိုးရနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ (၆) ရက်က Chatrium Hotel မှာ ပြုလုပ်ခဲ့တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ Stop COVID Yellow Campaign ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။



“ Stay Home ဖြေလျှော့ဖို့ ထပ်ပြီးစိစစ်နေတယ်။ Population Density လည်းနည်းနေတယ်။ Positive Rate လည်းနည်းတယ်။ Case ကလည်း Previous 14 days မှာမထွက်ဘူးဆိုရင် ဒါတွေကို အခြေခံပြီး စဉ်းစားတယ်။ ရပ်ကွက်တွေကို ဖြေလျှော့မယ်ဆိုရင် ရပ်ကွက်တွေက ဆက်စပ်နေတာတွေ ရှိသလား။ ဆက်စပ်တယ်။ ကျွန်တော်တို့ ထိန်းရသိမ်းရခက်တယ်ဆိုရင် လျှော့မယ့်ထဲ မပါဘူးပေါ့။ အထူးသဖြင့် ထိန်းရသိမ်းရလွယ်တဲ့ လူနာလည်းမထွက်တဲ့ ရွာတွေကို လျှော့ပေးလိုက်တာပေါ့" လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။ 

(၁၄) ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်မရှိတဲ့အပြင် လူဦးရေနည်းပါးတဲ့ ရပ်ကွက်၊ကျေးရွာ (၃၂၅) ခုကို ရန်ုကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက စိစစ်ပြီး Stay Home အစီအစဉ်ကနေ ပယ်ဖျက်ပေးဖို့ တင်ပြခဲ့ရာ ဒီဇင်ဘာ (၂၆) ရက်မှာတော့ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက ဆိတ်ကြီးခနောင်တို၊ တွံတေးနဲ့ ကွမ်းခြံကုန်းမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာအချို့ကို Stay Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

“ လက်ရှိတော့ အရင်တင်ပြထားတဲ့ ရပ်ကွက်၊ကျေးရွာတွေကို ဖြေလျှော့ပေးနေတယ်။ အခုတော့ ကျွန်တော်တို့ ထပ်ပြီးစိစစ်နေတယ်။ ကျွန်တော်တို့က အကြံပြုတင်ပြတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကိုတင်ပြတယ်။ ဒါကိုတော့ ကိုဗစ်ဗဟိုက ဆုံးဖြတ်တာပါ” လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒါက်တာထွန်းမြင့်က ဆက်ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ (၂၆) ရက်ရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်က မြို့နယ်အချို့ကိုလည်း Stay Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က