လက်ရှိမှာ ကိုဗစ်ကုသရေးစင်တာ (၂) ခုပိတ်သိမ်းလိုက်ပြီဖြစ်

ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ လျော့ကျလာပါက မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီကူးစက် အထူးကုဆေးရုံကြီးတစ်ခုတည်းမှာသာ ကိုဗစ်လူနာတွေကို ထားရှိကုသပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းကိုဗစ်ကုသရေးစင်တာတွေမှာ လူနာတွေ တစ်ဖြည်းဖြည်းလျော့နည်းလာပြီး အခုဆိုရင် အရပ်ဖက်က ကိုဗစ်ကုသရေးနေရာ (၉) ခုနဲ့ တပ်မတော်ဘက်က ကိုဗစ်ကုသရေးနေရာ (၄) ခုတို့မှာသာ ကိုဗစ်လူနာတွေကို အဓိကထားကုသပေးနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။



ဇန်နဝါရီ (၆) ရက်က Chatrium Hotel မှာ ပြုလုပ်ခဲ့တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ Stop COVID Yellow Campaign ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ ကုသရေးစင်တာတွေအနေနဲ့ နေရာ (၉)ခုလောက်မှာပဲ လူနာတွေ ရှိတော့တယ်။ တပ်ဘက်မှာဆိုရင်လည်း (၄) နေရာလောက်မှာပဲ ရှိတော့တယ်။ အရင်ကဆို (၇) နေရာ (၈) နေရာလောက် တပ်ဘက်မှာ ရှိတယ်။ အဲဒီအခြေအနေထိကို ရောက်တော့ ကျွန်တော်တို့က ဒါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်နေပြီ။ လူနာတွေ လျော့ကျသွားရင်တော့ ဝေဘာဂီတစ်ခုပဲ ကုသရေးစင်တာအဖြစ် ထားတော့မှာ" လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကုသရေးစင်တာတွေထဲက တောင်ဒဂုံမြို့နယ်ကယဉ်ကျေးမှုတက္ကသိုလ်နဲ့ ရန်ကင်းပညာရေးကောလိပ်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ယာယီပိတ်သိမ်းလိုက်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က