ကိုဗစ်ကိုထိန်းထားနိုင်တာက အနုပညာရှင်တွေရဲ့အသိပညာပေးမှုတွေကို ပြည်သူတွေလိုက်နာမှုကြောင့်ဖြစ်

အနုပညာရှင်တွေရဲ့ပြောစကားကို ပြည်သူတွေပိုပြီး လိုက်နာလက်ခံမှာဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေမှာ အနုပညာရှင်တွေ ပိုမိုပူးပေါင်းပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ (၆) ရက်က ပြုလုပ်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွေမှာ ပါဝင်ပံ့ပိုးဆောင်ရွက်ပေးနေကြတဲ့ အနုပညာရှင်တွေကို Zoom က တစ်ဆင့် တွေ့ဆုံဆွေးနွေးခြင်းနဲ့ ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားတဲ့ အစီအစဉ်မှာ ဝန်ကြီးက ပြောကြားခဲ့တာပါ။



လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းထားနိုင်တာက အနုပညာရှင်တွေရဲ့ အသိပညာပေးမှုတွေကို ပြည်သူတွေ လိုက်နာလုပ်ဆောင်မှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံလို အနုပညာသမားတွေ၊ အလှူရှင်တွေ ၊ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုက အခြားနိုင်ငံတွေမှာ မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကဆိုပါတယ်။

“ အနုပညာရှင်တွေအနေနဲ့ မိမိတို့သည် အလွန်အရေးကြီးတဲ့ ကိုဗစ် control မှာ လုပ်နေတယ်ဆိုတာသိစေချင်တယ်။ ဘာဖြစ်လို့ အရေးကြီးလဲဆိုတော့ အနုပညာကို လူတိုင်းက လေးစားတယ်။ Celebrity တွေရဲ့ စကားကို နားထောင်တယ်။ သူတို့ ပြောလို့ရှိရင် လိုက်နာတယ်။ ပရိတ်သတ် Icon က သူတို့ပဲ ဖြစ်တယ်။ သူတို့မှာ Follower အရမ်းများတယ်။ သိန်းနဲ့သန်းနဲ့ ရှိတယ်။ သူတို့ကို ချစ်တဲ့လူတွေ အလွန်များတယ်။လူတွေက ချစ်တဲ့သူက ပြောလို့ရှိရင် လက်ခံသွားတယ်။ ထို့ပြင် အခုခေတ်မှာ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်တွေ ရှိတဲ့အတွက် အနုပညာရှင်တစ်ယောက်က ပြောရင် တစ်ပြည်လုံးပျံ့သွားတယ်။ ဟိုတစ်ပတ်က အတိုင်ပင်ခံနဲ့ ဝန်ကြီး (၆) ယောက်ပါတဲ့ အစည်းအဝေးမှာ အတိုင်ပင်ခံက ထုတ်ပြောတယ်။ အနုပညာရှင်တွေလုပ်တဲ့ဗီဒီယိုက အလွန်ကောင်းပါတယ်တဲ့။ ကျွန်တော် တော်တော်ကျေနပ်ပါတယ်။ ဒါက အလွန်အရေးကြီးတာကို ပြပါတယ်။ ကိုဗစ်ကို မြန်မာပြည်မှာ ဒီလောက်ထိ ထိန်းထားနိုင်တာက အနုပညာရှင်တွေက ပြောလို့ ပြည်သူတွေ လိုက်လုပ်တယ်။ အသိဉာဏ်တိုးလာတယ်။ မြန်မာပြည်လို အနုပညာသမားတွေ၊ အလှူရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေလုပ်တာ တစ်ခြားနိုင်ငံတွေမှာ မရှိပါဘူး။ မြန်မာပြည်က Very Unique ဖြစ်တယ်။”လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

အနုပညာရှင်ကြီးတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးပညာပေးလုပ်ငန်းတွေကို ဆက်ပြီး အရှိန်မလျှော့ဘဲဆက်လက်လုပ်စေလိုကြောင်း၊ ရန်ကုန်မှာ လုပ်ဆောင်နေတဲ့ အနုပညာရှင်တွေရဲ့ ပြောကြားချက်တွေကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူးအနေနဲ့ တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေကို ဖြန့်ဝေပေးစေလိုကြောင်း၊ အနုပညာရှင်တွေရဲ့ စကားသံတွေကို နယ်တွေမှာ ကားတွေနဲ့ လှည့်လည်ပြီး ဖွင့်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောပါတယ်။

“ ရန်ကုန်မှာ ရှိတဲ့အနုပညာရှင်တစ်ယောက်ပြောတာက ဖေ့စ်ဘွတ်ခ်မှာပါနိုင်တယ်။သို့သော် ဖေ့စ်ဘွတ်ခ်ကို လူတိုင်းမကြည့်နိုင်ပါဘူး။ မြန်မာပြည်ရဲ့ (၅၂) သန်းမှာ (၄) သန်းပဲ ဖေ့စ်ဘွတ်ခ်ကြည့်တာ။ ဒါကြောင့် ကားတွေနဲ့ လှည့်ပြီး ဖွင့်ပြရမယ်။ အနုပညာရှင်တွေကို အထူးတောင်းဆိုချင်တာက ဆရာတို့အချိန်ပေးပြီးတော့ (၅) မိနစ် (၈) မိနစ်လောက် အသံသွင်းပေးပါ။ ဆရာတို့သွင်းတဲ့အသံတွေကို Record လုပ်ပြီးတစ်ပြည်လုံးကို ဖြန့်လို့ရပါတယ်။ အသံမသွင်းခင်မှာလည်း ကျွန်တော်သည် ဘယ်သူ ၊ ကျွန်မသည် ဘယ်သူပြောရင် လူတွေက အနုပညာရှင်တွေ ပြောရင် ခေါင်းထောင်လာတယ်။ ကျန်တဲ့ထွေအုပ်ပဲ ပြောပြော ကျန်းမာရေးဝန်ထမ်းပဲ ပြောပြော ဘယ်သူမှ ဂရုမစိုက်ဘူး။ အနုပညာရှင်ပြောရင် ခေါင်းထောင်လာတယ်။ ဒါအလွန်အရေးကြီးပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

 ဒါကြောင့် ကိုဗစ်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်ပေးတဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေကို သတင်းအမှန်တွေ ဖြန့်ဝေပေးဖို့ တိုက်တွန်းလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က