ယမန်နှစ် ဇွန်လမှ နိုဝင်ဘာလအထိတစ်နိုင်ငံလုံး ပျမ်းမျှ အလုပ်ရရှိသူဦးရေ နှစ်သောင်းအောက်ကို ကျဆင်းခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံ၊အလုပ်ရုံပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး အများစုက ကုန်ကြမ်းပေးကုန်ချောယူ လက်ခစားစနစ် CMP စက်ရုံတွေဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားဆက်ဆံရေးဦးစီးဌာနကသိရပါတယ်။ 

ပိတ်သိမ်းစက်ရုံတွေထဲမှာ CMP စနစ်စက်ရုံပါဝင်မှုက ရာခိုင်နှုန်းအနေနဲဆိုရင် ၅၅ရာခိုင်နှုန်းထိ ပါဝင်ကြောင်း၊ ပိတ်လိုက်တဲ့ စက်ရုံတွေထဲမှာအလုပ်သမားအင်အားထောင်ဂဏန်းအထိရှိတဲ့အထည်ချုပ်စက်ရုံတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ပိတ်သိမ်းခဲ့တဲ့စက်ရုံအချို့မှာ စက်ရုံပိတ်ကြောင်းကို တရားဝင်စာတင်ခြင်းမရှိတဲ့အပြင်၊အလုပ်သမားတွေကိုလည်း လုပ်ခလစာပေးချေခြင်းမရှိဘဲထွက်ပြေးခြင်းတွေရှိနေတာကြောင့် အလုပ်သမားတွေလုပ်ခလစာရရှိရေး၊ဥပဒေပါ ရပိုင်ခွင့်တွေမဆုံးရှုံးစေရေးအတွက် ပိတ်သိမ်း စက်ရုံတွေကို လေလံတင်ရောင်းချခြေင်းကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းစပ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။



“အလုပ်သမားတွေအတွက် အကြောင်းမျိုးမျိုးကြောင့် လုပ်အားခတွေမပေးဘဲ ဖြစ်ပွားသွားတာတွေရှိ တယ်။ ဒီရပိုင်ခွင့်တွေမဆုံးရှုံးရလေအောင် ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနရဲ့ ဥပဒေတွေ နဲ့အညီစည်းကြပ်ပြီးတော့မှထွက်ပြေးသွားတဲ့ဟာကိုလေလံတင်ရောင်းချခြင်းဆိုတဲ့ အလုပ်သမားတွေ အကျိုးခံစားခွင့်ရရှိဖို့ဆောင်ရွက်နေကြပါတယ်” လို့ ရန်ကုန်တိုင်း အလုပ်သမားဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးအရာရှိဦးကိုကိုနိုင်က ပြောပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကာလအတွင်း စက်ရုံအလုပ်ရုံ ပိတ်သိမ်းမှုတွေကြောင့်အလုပ်သမားတွေအတွက် အလုပ်အကိုင်နဲ့ဝင်ငွေ ဆုံးရှုံးမှု ဖြစ်ပေါ်နေရတဲ့အပြင်၊ အလုပ်အကိုင်အခွင့် အလမ်းပါရှားပါးတဲ့အခြေအနေကိုလည်း ကြုံတွေ့နေရပါတယ်။

ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လကနေ မေလအထိ ပြည်တွင်းအလုပ်အကိုင်ရရှိမှုမှာ လစဉ်ပျမ်းမျှ လူဦးရေ နှစ်သောင်းကျော်အထက်ရှိပြီး ဇွန်လမှ နိုဝင်ဘာလအထိတစ်နိုင်ငံလုံး ပျမ်းမျှ အလုပ်ရရှိသူဦးရေ နှစ်သောင်းအောက်ကို ကျဆင်းခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လအလိုက် ထုတ်ပြန်တဲ့ ပြည်တွင်းအလုပ်အကိုင်ရရှိမှု စာရင်းအရသိရပါတယ်။ အလုပ်ကဏ္ဍပေါင်းစုံမှ အလုပ်ပြုတ်ခဲ့ရတဲ့ အလုပ်သမား ကသုံးသိန်းအထက်မှာ ရှိနေပြီး အဲ့ဒီထဲမှာ စက်မှုလုပ်ငန်းကဏ္ဍ က ၇၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်သည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က