ကူးစက်မြန်ဗိုင်းရပ်ပိုးကြောင့် ထိန်းချုပ်ရေးလုပ်ငန်းအထူးဆောင်ရွက်နေဟုဆို
Mi Thawdar Aung

အခုပေါ်ပေါက်နေတဲ့ အလွန်ကူးစက်မြန်ဗိုင်းရပ်စ်ပိုးရှိသူတစ်ဦး လွတ်ထွက်သွားပါက မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ပိုမိုများလာနိုင်တာကြောင့် အထူးသတိပြုပြီး ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ (၆) ရက်နေ့၊ ညပိုင်းက ပြုလုပ်တဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံကာ ကျေးဇူးတင်စကားပြောကြားခြင်းနဲ့ ဆွေးနွေးခြင်းအစီအစဉ်မှာ ပြောကြားခဲ့တာပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံ (၃၃) ခုမှာ ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိတဲ့ SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်တွေ တွေ့ရှိနေရတာကြောင့် အထူးသတိထားရမယ့် ကာလဖြစ်နေပြီး လေဆိပ်က ဝင်လာသူတွေကိုလည်း (၂) ပတ်တာ အသွားအလာကန့်သတ်ပြီး RT PCR နည်းလမ်းနဲ့ (၂) ကြိမ် ဓာတ်ခွဲကာ ရောဂါစစ်ဆေးနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။



ဒါ့အပြင် အခုချိန်မှာ COVID-19 ကာကွယ်ရေးစည်းကမ်းတွေကို အထူးအလေးထား လိုက်နာဖို့ အရေးကြီးနေပြီး ပြည်သူတွေ အနေနဲ့လည်း တရားမဝင်ပြည်ပပြန်ရောက်လာသူတွေကို တွေ့ရှိပါက သတင်းပေးပို့စေလိုတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကူးစက်မှု အခြေအနေက အနည်းငယ်လျော့နည်းလာ‌ပေမယ့်လည်း လုံး၀ ပေါ့ဆလို့မရဘဲ ရောဂါလက္ခဏာမပြဘဲ ရှိနေသူတွေက ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ရှိနေတယ်လု့ိလည်းပြည်ထောင်စုဝန်ကြီး ဆက်လက်ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့လာပေမယ့် ကပ်ရောဂါပြီးတဲ့အထိ ဆက်လက်ရုန်းကန်ကြရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရကလည်း ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသလို ပြည်သူတွေ နေထိုင်စားသောက်မှုတွေ ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေးကိုလည်းတစ်ပြိုင်တည်း ချိန်ဆက်လုပ်ကိုင်နေတယ်လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေနဲ့ နယူးနော်မယ် (New Normal)၊ နယူးရန်ကုန် (New Yangon)၊ နယူးမြန်မာ (New Myanmar) ဖြစ်လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်က ကမ္ဘာမှာ လုံးဝပျောက်ကွယ်သွားမှာမဟုတ်ဘဲ ကူးစက်မှု ပမာဏ အနည်း/ အများ၊ ရောဂါပြင်းထန်မှု အပြင်း/ အပျော့သာကွာခြားကာ လပေါင်းများစွာ ဆက်လက်ရှိနေမှာဖြစ်တဲ့အတွက် အနုပညာရှင်တွေအနေနဲ့ အသိပညာပေးလုပ်ငန်းတွေ အရှိန်မလျှော့ဘဲ ပံ့ပိုးစေလိုကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီး က နှိုးဆော်ခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျ လိုက်နာမှသာ တိတိကျကျ ရောဂါကူးစက်ပျံ့နှံ့မှုနှေးကွေးသွားပြီး လက်ခံနိုင်တဲ့ အဆင့်တစ်ခုရောက်မှ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်မယ့်အချက်ကို ပြည်သူတွေ သိရှိအောင် အနုပညာရှင်တွေက လုပ်ဆောင်ပေးဖို့ကို ဝန်ကြီးကမှာကြားခဲ့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Mi Thawdar Aung

    Content Editor/Reporter


က္က