ဒီဇင်ဘာလ ပထမပတ်နဲ့ နှိုင်းယှဉ်ရင် ပိုးကူးစက်မှု ထက်ဝက်လျော့ကျလာတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ စစ်ကိုင်းမြို့မှာ ဇန်နဝါရီလပထမပတ်အတွင်း ကိုဗစ်ပိုးကူးစက်မှုနှုန်းလျော့ကျလာပြီး မြို့ကို အသွားအလာကန့်သတ်တာ၊ ကိုဗစ်သံသယရှိပါက အိမ်မှာ ကြိတ်မကုဘဲ ဆေးရုံကိုလာပြနိုင်အောင် အသိပညာပေးလုပ်ဆောင်ခဲ့တာ၊ ထိတွေ့သူတွေကို ဖော်ထုတ်ကုသနိုင်ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ ခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းတွေအရ စစ်ကိုင်းမြို့မှာ ဒီဇင်ဘာလအတွင်း ပိုးတွေ့ရှိသူ (၂၈၁) ဦးရှိပြီး ဒီဇင်ဘာလပထမပတ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၄၇) ဦးအထိရှိခဲ့ပေမယ့် အခု ဇန်နဝါရီလပထမပတ်မှာတော့ လက်ရှိအချိန်အထိ (၁၅) ဦးသာ တွေ့ရှိထားတာဖြစ်ပါတယ်။



“ နိုဝင်ဘာမှာ စမြင့်တက်တယ်။ဒီဇင်ဘာမှာ ဆက်တက်တယ်။ အခု ဇန်နဝါရီပထမပတ်မှာတော့ ဒီဇင်ဘာပထမပတ်နဲ့ ယှဉ်ရင် ကူးစက်မှုက ကျလာတယ်။ဒီဇင်ဘာမှာ ကူးစက်မှု မြင့်တက်တော့ တိုင်းဒေသကြီးကိုဗစ်ကော်မတီအစီအစဉ်နဲ့ အသွားအလာကန့်သတ်တာကို နှစ်ပတ်ဆောင်ရွက်တယ်။ ကျန်းမာရေးဌာနအနေနဲ့ကတော့ mask ကမ်ပိန်းတွေ မြို့ထဲမှာ အပတ်စဉ်လုပ်တယ်။ကူးစက်မှုက တခြားက ပြန်လာတဲ့သူထက်စာရင် local transmission က များတယ်။ တခြားမြို့က ပြန်လာပြီး ကွာရန်တင်းဝင်တာ ကနေ တွေ့တာ တော်တော်နည်း တယ်။ အဓိကက များများသိမှ များများစစ်မှ ပိုးကိုမြန်မြန်ထိန်းချုပ်နိုင်မယ့် သဘောရှိတယ်။ အဲဒီတော့ ပြည်သူတွေ အသိပညာရှိအောင် လက္ခဏာတစ်ခုခုပြတာနဲ့ ဆေးရုံလာပြနိုင်ေ အာင် ပညာပေးတာ များများလုပ်တဲ့အခါ အိမ်မှာပုန်းမနေဘဲ လာပြကြတာပေါ့။ အဲဒီမှာ အနံ့ပျောက်တဲ့ သူတွေ များများလာပြတယ်။အဲဒီကနေ ဆက်စပ်တွေဖော်ထုတ်ပြီး စစ်တယ်။အဲဒီလို သွားတော့ အခုလက်ရှိကတော့ ဒီဇင်ဘာလ ပထမပတ်နဲ့နှိုင်းယှဉ်ရင် ပိုးတွေ့နှုန်းက ကျဆင်းလာတယ် " လို့ စစ်ကိုင်းမြို့ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသော်တာထက်က Duwun ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်း ပိုးကူးစက်မှု မြင့်တက်ခဲ့ရတာကလည်း စစ်ကိုင်းမြို့နေထိုင်သူတွေအကြား ပိုးကူးစက်မှုမရှိ သလောက်နည်းတဲ့အတွက် ပြည်သူတွေက ရောဂါပိုးကို ကြောက်လန့်ခြင်းမရှိဘဲ စည်းကမ်းလိုက်နာမှုအားနည်းခဲ့ခြင်း၊ ပိုးကူးစက်မှုရှိတဲ့ မန္တလေးဘက်ကို နေ့စဉ်အသွားအလာတွေ ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ခရိုင်ကျန်းမာရေးဦးစီးမှူးက Duwun ကို ပြောပါတယ်။

" ၁၁လပိုင်းအထိ ဒီမှာက ပိုးကူးစက်မှုက မရှိသလောက်ပဲ။အဲဒီမှာ ရန်ကုန်မှာ အများကြီးဖြစ်ပြီး တခြားမြို့တွေကို ကူးစက်တယ်။အဲဒီမှာ မန္တလေးကလည်း အများကြီးဖြစ်ခဲ့တယ်။ အောက်တိုဘာလေ လာက်မှာ မန္တလေးမှာ အများကြီးဖြစ်တယ်။အဲဒီမှာ stay at home ထုတ်ပြန်တယ်။အဲဒီကနေ စစ်ကိုင်းရဲ့ အနေအထားက မန္တလေးနဲ့က နှစ်မြို့တစ်မြို့လိုပဲ။ စစ်ကိုင်းက အခြေခံလူတန်းစားတော်တော် များများရော ဈေးရောင်းဈေးဝယ်ရောက မန္တလေးကို နေ့စဉ်သွားလာမှု တအားများတယ်။ပြီးတော့ အဲဒီ အချိန်က ဒီဘက်က ပိုးက သိပ်မဖြစ်တော့ လူတွေက မကြောက်ကြဘူး။mask တပ်တာတွေ ၊ လက်ဆေး တာတွေ ၊ ခပ်ခွာခွာနေတာတွေ ၊ လူစုလူဝေးရှောင်ရမှာကို မလိုက်နာတဲ့သဘောရှိပြီး ကူးစက်မှု ပိုဖြစ်သွားတဲ့ သဘောရှိပါတယ် " လို့ စစ်ကိုင်းမြို့ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသော်တာထက်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ (၂,၀၂၈) ဦးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းမြို့က ပိုးတွေ့ရှိသူ စုစုပေါင်း (၄၆၂)ဦးနဲ့ ကူးစက်မှုအမြင့်ဆုံးနေရာမှာရှိနေပြီး အဲဒီနောက်မှာတော့ ကလေးမြို့မှာ (၃၉၃) ဦး ၊ ရွှေဘိုမြို့ (၁၉၆) ဦး နဲ့ မုံရွာမြို့က (၁၄၈) ဦး တို့နဲ့ ပိုးကူးစက်မှု အမြင့်ဆုံး မြို့နယ်တွေဖြစ်နေပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ ပိုးစက်မှုအမြင့်ဆုံးဖြစ်တဲ့ စစ်ကိုင်း ၊ ရွှေဘို နဲ့ ကလေးမြို့နယ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒီဇင်ဘာလ (၁၀) ရက်က စတင်ပြီး Stay at Home မြို့နယ်တွေအဖြစ် အသွားအလာ ကန့်သတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။



က္က