ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဈေးသူဈေးသားတွေကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမယ့် စီမံချက်တစ်ခုရေးဆွဲထားတယ်လို့လည်း သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကြီးအတွင်းရှိ ဈေးငါးခုစလုံးကို ဇန်နဝါရီလ ၁၄ရက်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မင်္ဂလာဈေးဝန်းအတွင်းက ရွှေပြည့်စုံဈေး ၊ အဆင့်မြင့်မင်္ဂလာဈေး ၊ မင်္ဂလာမွန်ဈေး ၊ ရွှေမင်္ဂလာဈေး ၊ မင်္ဂလာဈေးဆိုင်ခန်းတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဖွင့်လှစ်နိုင်ဖို့အတွက် မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။



" ဘယ်နေ့ဈေးတွေစဖွင့်နိုင်မလဲဆိုတဲ့ ရက်ကို ဇန်နဝါရီ ၁၄ရက် ဖွင့်နိုင်ဖို့လျာထားတယ်။ဒီဘက်က ပြင်ဆင်မှုအားလုံးကတော့ ၁၄ရက်နေ့ ဖွင့်နိုင်ဖို့ အကုန်လုံးအဆင်သင့် ပြင်ဆင်ပြီးရှိမယ်။ ဒီရက်ကိုတော့ ဒီဘက်ကလျာထားတယ်။ တစ်ဖက်က ရန်ကုန်မြို့တော်စည်ပင် သာယာရေးကို ဒီနေ့မှာဖွင့်ချင်တယ်ဆိုတာ တင်ပြပြီး လမ်းညွှန်ချက်ယူရတာ ရှိပါတယ်။ စည်ပင်သာယာရေး ကော်မတီဘက်က အဆင်ပြေတယ်ဆိုရင် ၁၄ရက်နေ့မှာ ဖွင့်နိုင်တဲ့အခြေအနေရှိပါတယ်။မင်္ဂလာဈေးဝန်းထဲမှာက ဈေးငါးဈေးရှိတယ်။ရွှေပြည့်စုံဈေး ၊ အဆင့်မြင့်မင်္ဂလာဈေး ၊ မင်္ဂလာမွန်ဈေး ၊ ရွှေမင်္ဂလာဈေး ၊ မီးဘေးသင့်ပြီး ရွှေမင်္ဂလာဈေးမှာ ယာယီပေါင်းနေတဲ့ မင်္ဂလာဈေး သူဈေးသားတွေပေါ့။ ကျွန်တော်တို့က အဲဒီဈေးငါးခုလုံး ဖွင့်နိုင်ဖို့ လုပ်နေတာပါ " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။

ဒီလိုဈေးတွေကို ပြန်လည်ဖွင့်နိုင်ဖို့ဆောင်ရွက်ရာမှာတော့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းစီမံချက်တစ်ခုကိုပါ ထည့်သွင်းရေးဆွဲထားပြီး အဲဒီစီမံချက်အရ ဈေးရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းမှာ ဈေးသူဈေးသားတွေအချင်းချင်း အပြန်အလှန်ထိန်းသိမ်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

" ဈေးက အလွှာလိုက်တွေရှိတာဆိုတော့ ဈေးသူဈေးသားအားလုံးက တကယ်တမ်းဆို ဈေးရောင်းဖို့ပဲ အာရုံစိုက်နေမှာများတယ်။ဒီရောဂါကို မကူးစက်ဖို့ ထိန်းကျောင်းရမယ့် အခြေအနေ ကလည်း တော်တော်လေးကို တင်းတင်းကြပ်ကြပ်လုပ်ရမယ့်အခြေအနေမှာရှိတယ်။အဲဒီအခြေအနေမှာ စည်ပင်သာယာဝန်ထမ်းတွေနဲ့ပဲဆိုရင် ထိန်းသိမ်းမှုက ဘယ်လိုမှ မလုံလောက်ဘူး မြင်တယ်။ပြီးတော့ ဈေးသူဈေးသားတွေကိုယ်တိုင်က ရောဂါကူးစက်မှုထိန်းချုပ်ဖို့ သူတို့ကိုယ်တိုင်တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခြင်းဖြင့် ကူးစက်မှုထိန်းသိမ်းနိုင်အားများမယ် ၊ ပြည်သူလူထုပူပေါင်းပါဝင်မှုရှိတော့ လုပ်ရကိုင်ရအဆင်ပြေမယ် " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။

ဒါကြောင့် ဈေးရဲ့ အလွှာတိုင်းမှာ ရောဂါကာကွယ်ရေးအစုအဖွဲ့တွေကို ဈေးသူဈေးသားတွေနဲ့ဖွဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို လိုက်နာဆောင်ရွက်ဖို့ တောက်လျှောက်နှိုးဆော်ခြင်း ၊ Mask မတပ်တဲ့သူတွေကို တပ်ဖို့နှိုးဆော်သတိပေးတာတွေ ၊ ဈေးဝယ်လာသူတွေ လိုက်နာရမယ့်စည်းကမ်းတွေကို နှိုးဆော်တာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ယုဇနပလာဇာကို ဇန်နဝါရီလ ၆ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်မှာတော့ အခြားလက်ကားဈေးကြီးဖြစ်တဲ့ မင်္ဂလာဈေးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မနေ့က ဇန်နဝါရီလ ၈ရက်မှာ ဈေးကိုယ်စားလှယ်တွေ ၊ ဈေးတာဝန်ခံတွေ ၊ တောင်ပိုင်းခရိုင် ဈေးများဌာန နဲ့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က