တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ခိုင်းမှု (၈၃)မှုထိပါဝင်ခဲ့တာပါ။

၂၀၂၀ခုနှစ် ကိုဗစ်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူကုန်ကူးမှု (၁၁၁)မှုဖြစ်ပွါးခဲ့ပြီး အဲဒီအထဲကမှ တရုတ်ဇနီးမယားအဖြစ်ရောင်းချခံရမှုက (၈၃)မှုပါဝင်တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရတဲ့ နိုင်ငံတွေက တရုတ်၊ထိုင်း၊ မလေးရှားနိုင်ငံတို့ဖြစ်ပြီး တရုတ်ကိုရောင်းချခံရမှုက အများဆုံးလည်းဖြစ်တယ်လို့သိရပါတယ်။ 



“၂၀၂၀ ကိုဗစ်ကာလအတွင်းမှာတောင် လူကုန်ကူးခံရတာက အမှုပေါင်း (၁၀၀)ကျော်ရှိတယ်ဆိုတော့ လုံခြုံရေးဂိတ်ပေါက်တွေနဲ့ပတ်သက်ပြီးပြောရရင်တော်တော်လေးအားနည်းတယ်လို့ပြောရမယ်။ လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားထဲက ဒီလောက်အထိဖြစ်ခဲ့တယ်။ အမှုပေါင်း (၁၁၁)မှု တရုတ်ဇနီးမယားအဖြစ်ရောင်းချခံရတာကအများဆုံးပါပဲ။ အဓိကကတော့ လူကုန်ကူးခံရတဲ့ နိုင်ငံတွေကတော့ တရုတ်နိုင်ငံကအများဆုံးပါ။ အမှုပေါင်း (၁၁၁)မှုမှာ လူကုန်ကူးခံရသူက (၁၆၇)ဦး၊ တရားခံက (၃၃၉)ဦးရှိတယ်”လို့ ရွှေ့ပြောင်းအလုပ်သမားဌာနမှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က Duwun ကိုပြောပါတယ်။

ကိုဗစ်ကာလအတွင်း လူကုန်ကူးမှု (၁၁၁)မှုမှာတော့ တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထပ်ခိုင်းမှု (၈၃)မှု၊ အလုပ်အကိုင် အဓမ္မစေခိုင်းမှု (၇)မှု၊ ပြည့်တန်ဆာအဖြစ်ရောင်းစားခံရမှုက (၁၁)မှုနဲ့ အငှါးကိုယ်ဝန်ဆောင်က (၁)မှုတို့ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၀ခုနှစ်အတွင်း လူကုန်ကူးခံရမှုက ၂၀၁၉ခုနှစ်နဲ့ယှဉ်ရင်တော့ ထက်ဝက်ကျော်လျော့ကျခဲ့တယ်လို့စာရင်းဇယားတွေအရသိရပါတယ်။

၂၀၁၉ခုနှစ်က လူကုန်ကူးခံရတဲ့အမှုက အမှုပေါင်း (၂၃၉)မှုရှိခဲ့ပြီး လူကုန်ကူးခံရသူ (၃၅၈)ဦးရှိကာ တရားခံ(၇၃၂)ဦးထိရှိခဲ့တယ်လို့သိရပါတယ်။ ကိုဗစ်ကာလအတွင်း လူကုန်ကူးခံရမှုတွေထဲမှာတော့ ရှမ်းပြည်နယ်က (၃၇)မှုအထိအများဆုံးဖြစ်ပွါးခဲ့တယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က