အဆိုပါ အမျိုးသားအပါအဝင် တိုက်ခိုက်ခံရသူ အမျိုးသားနှစ်ဦးလည်း စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ဗိုလ်တစ်ထောင်မြို့နယ် ၊ ဗိုလ်ကလေးဈေးအနီး လမ်းသွားလမ်းလာသုံးဦးကို ဓားနဲ့ထိုး တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သူ အမျိုးသားကို ရဲတပ်ဖွဲ့က ခြောက်လန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားက ဗိုလ်တစ်ထောင်မြို့နယ်မှာ လမ်းသွားနေသူနှစ်ဦးနဲ့စက်ဘီးစီးနင်းသူတစ်ဦးကို ဓားနဲ့တိုက်ခိုက်ခဲ့ပြီး ဗိုလ်တစ်ထောင်သင်္ဘောကျင်းဘက်ကို ထွက်ပြေးတိမ်းရှောင် နေတဲ့အတွက် ရဲတပ်ဖွဲ့နဲ့အတူ လူမှုကူညီရေးအသင်းနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရတယ်လို့ လင်းလက်လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။



" ရဲတပ်ဖွဲ့ဝင်တွေက အကူအညီတောင်းတော့ ဒီကကားတွေဦးဆောင်ထွက်ပြီး လိုက်ကူညီပါတယ်။ အဲဒီထွက်ပြေးတဲ့အမျိုးသားက ပထမဆုံးလူနှစ်ယောက်ကို ဓားနဲ့ထိုးတယ်။ နောက်တစ်ယောက်က စက်ဘီးစီးလာတာကို ဓားနဲ့ယမ်းလိုက်လို့ ထိတာတစ်ယောက်ပါ။သူကိုယ်တိုင်ကလည်း ထွက်ပြေးနေလို့ သင်္ဘောပေါ်အထိ လိုက်ဖမ်းရတော့ သေနတ်နဲ့ခြောက်လှန့် ပစ်ပြီး ဖမ်းရပါတယ်။တရားခံအပါဆို လူနာလေးဦးဖြစ်သွားပါတယ် " လို့ လင်းလက်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဒေါ်ဇော်မိမိက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-လင်းလက်လူမှုကူညီရေးအသင်း (တရားခံအမျိုးသားကို သင်္ဘောပေါ်မှာ သွားရောက်ဖမ်းဆီးစဉ်)

လက်ရှိမှာတော့ လူသုံးဦးကို ဘာကြောင့် ဓားနဲ့တိုက်ခိုက်ခဲ့သလဲဆိုတာ မသိရသေးဘဲ တိုက်ခိုက်ခဲ့သူ အမျိုးသားကလည်း ထွက်ပြေးစဉ်ရရှိတဲ့ဒဏ်ရာတွေနဲ့ စိုးရိမ်ရအနေအထားဖြစ်တယ်လို့ သိရပါတယ်။

" ဓားနဲ့ထိုးတဲ့အမျိုးသားကလည်း အခြေအနေကသိပ်တော့မကောင်းဘူး အနီရောင်အဆင့်ပေါ့။ သူအပါအဝင် သုံးဦးစိုးရိမ်ရတယ်။စက်ဘီးနဲ့လူက ဓားနဲ့ရှပ်ထိသွားတဲ့လူကတော့ ဒဏ်ရာပဲရ တာ မစိုးရိမ်ရတဲ့ အနေအထားဖြစ်ပါတယ် " လို့ လင်းလက်လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဒေါ်ဇော်မိမိက Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသားလေးဦးကို ရန်ကုန်အရှေ့ပိုင်းဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။ အဆိုပါ ဓားနဲ့တိုက်ခိုက်သူ အမျိုးသားကို ဗိုလ်တစ်ထောင်မြို့နယ်ရဲတပ်ဖွဲ့ ၊ လင်းလက်လူမှုကယ်ဆယ်ရေးအသင်း ၊ ထာဝရအလင်းတန်း ကယ်ဆယ်ရေးအသင်း ၊ ဗိုလ်တစ်ထောင် လူငယ်ကယ်ဆယ်ရေးအသင်း ၊ MDC လူမှုကယ်ဆယ်ရေးအသင်း ၊ MZK လူမှုကယ်ဆယ်ရေးအသင်း ၊ ကြယ်စင်လင်းလက်ကယ်ဆယ်ရေးအသင်းနဲ့ ပြည်သူတွေ ပူးပေါင်းဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က