ဆက်ကြေးတောင်း ညှိနှိုင်းခြင်းလည်းမရှိသလို အဆက်အသွယ်လည်းမရဘူးလို့ မိသားစုဝင်က ပြောပါတယ်။

မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA လက်နက်ကိုင်အဖွဲ့က တစ်လကျော်ကြာ ဖမ်းဆီးထားပြီး ဖမ်းထားရတဲ့အကြောင်းရင်းကိုရော အဆက်အသွယ်ပါ မရရှိတဲ့အတွက် ပြန်လည်လွှတ်ပေးဖို့ ညီဖြစ်သူ ဦးကျော်လင်းက တောင်းဆိုလိုက်ပါတယ်။

ဦးကျော်ဝင်းကို ဒီဇင်ဘာလ ၄ရက်က ဖမ်းဆီးတာဖြစ်တဲ့အတွက် တစ်လကျော်ကြာလာပေမယ့် မည်သည့်အကြောင်းတစ်စုံတစ်ရာမှ မသိရလို့ စိုးရိမ်ပူပန်နေတဲ့အတွက် ဒီနေ့ ဇန်နဝါရီလ ၉ရက်မှာ မီဒီယာများနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တာပါ။



" ဆက်ကြေးတောင်း ညှိနှိုင်းတာ လောလောဆယ်တော့ မရှိသေးပါဘူး။အဆက်အသွယ်လည်း မရသေးပါဘူး။ ရဲစခန်းမှာက ဖြစ်စဉ်ဖြစ်တဲ့အချိန်က ကျွန်တော့်အစ်ကိုနဲ့ပါသွားတဲ့သူက ဖွင့်ထားပါတယ်။အစ်ကိုနဲ့က စီးပွားရေး ဆက်စပ်မှုမရှိဘူး ကျွန်တော်တို့က မိသားစုဆက်ဆံရေးပဲ ရှိတာပါ။ကျွန်တော်တို့လည်း မိုးကုတ်မှာနေခဲ့ဖူးပါတယ်။ အဲဒီလိုမရှိခဲ့ဖူးပါဘူး။ အမြန်ဆုံးအိမ်ပြန်ပို့ပေးဖို့ တောင်းဆိုချင်ပါတယ် " လို့ ညီဖြစ်သူ ဦးကျော်လင်းက မီဒီယာတွေနဲ့တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း(စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းရဲ့ ညီဖြစ်သူ ဦးကျော်လင်း ဒီနေ့ မီဒီယာများနဲ့ တွေ့ဆုံစဉ်)

စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းက ကျန်းမာရေးမကောင်းသူဖြစ်တဲ့အပြင် ကျန်ရှိနေခဲ့တဲ့ ဇနီးဖြစ်သူကလည်း ကျန်းမာရေးမကောင်းတဲ့အတွက် ရက်ကြာလာတာနဲ့အမျှ နှစ်ဦးလုံးရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့အတွက် ဦးကျော်ဝင်းကို ပြန်လွှတ်ပေးပါလို့ ညီဖြစ်သူ ဦးကျော်လင်းက တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ဒီဖြစ်စဉ်အတွက် လက်နက်ကိုင်(၇)ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီရဲ့ ဥက္ကဌဖြစ်တဲ့ "ဝ" ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီခေါင်းဆောင် ထံကိုလည်း ကူညီပေးဖို့ စာပို့တောင်းဆိုထားတယ်လို့ သိရပါတယ်။ ယခင်က ဒီလိုကိစ္စရပ်တွေကို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ကူညီဖြေရှင်းဆောင်ရွက်နိုင်ခဲ့တာကြောင့် ဇန်နဝါရီလဆန်းပိုင်းက အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က