ပန်းခြံတွေမှာ လုံခြုံရေးချ ဆောင်ရွက်နေဟုဆို

ရန်ကုန်မြို့ လူစည်ကားရာ အများပြည်သူအပန်းဖြေနေရာတွေ ဖြစ်တဲ့ အင်းလျားကန်ဘောင်အပါအဝင် ပန်းခြံတွေ၊ ကစားကွင်းတွေအားလုံးကို (၂၀၂၁) ခုနှစ် ဇန်နဝါရီ (၂၀) ရက်အထိ ယာယီပိတ်ထားဦးမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနက သိရပါတယ်။

“ ပန်းခြံတွေကို (၂၀) ရက်နေ့အထိ ထပ်တိုးပိတ်ပါတယ်။ အဓိကကတော့ ကိုဗစ်ကြောင့်ပေါ့” လို့ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှူး ဦးကိုကိုလင်းက Duwun ကိုပြောပါတယ်။ ယခင်က ပန်းခြံတွေကို ဇန်နဝါရီလ (၁၀) ရက်အထိ ယာယီပိတ်ထားရာကနေ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးတွေ မဖြစ်ပေါ်စေဖို့ အတွက် ရက်ထပ်တိုးပြီး ဇန်နဝါရီလ (၂၀) ရက်အထိ ထပ်မံတိုးမြှင့် ပိတ်ထားရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။



ယာယီပိတ်ထားတဲ့ ပန်းခြံတွေမှာ လူတွေ ဖြတ်ကျော်ဝင်ရောက်ခြင်းမရှိစေရန် လုံခြုံရေးတွေ ချထားဆောင်ရွက်နေပြီး ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက ဦးဆောင်ကာ ကင်းလှည့်ဆောင်ရွက်မှုတွေ၊ စောင့်ကြပ်မှုတွေ ပြုလုပ်ထားတယ်လို့လည်း ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းဗိုလ်က Duwun ကိုပြောပါတယ်။

“ ပန်းခြံတွေအားလုံးကို (၂၀) ရက်နေ့ အထိ ဆက်ပိတ်ထားမယ်ဆိုတာ မြို့တော်က ကြေညာတဲ့အတိုင်းပါပဲ။ လုံခြုံရေးကတော့ထပ်တိုးဖို့မလိုပါဘူး။ နဂိုချထားတဲ့ အတိုင်းလုံလောက်ပါတယ်။ လုံခြုံရေးကို ပန်းဥယျာဉ်ဘက်ကလည်း တာဝန်ယူတာရှိတယ်။ ကန်ဘောင်ဆိုရင် ကန်ဘောင်လုံခြုံရေးအတွက် တာဝန်ယူတာရှိတယ်။ ထွေအုပ်ကနေပြီးတော့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တာဝန်ချထားတယ်။ နောက်ပြီး ရဲကနေ ဂျူတီချထားတာတွေ ရှိတယ်” လို့ ဗဟန်းစည်ပင်ဥက္ကဌ ဦးဝင်းဗိုလ်ကဆိုပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့က ပန်းခြံတွေနဲ့ ကစားကွင်းအားလုံးကို (၂၀၂၀) ခုနှစ် ဒီဇင်ဘာ (၂၁) ရက်ကနေ (၃၁) ရက်အထိ ယာယီပိတ်ထားခဲ့တာပါ။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ (၁၀) ရက်မှာလည်း ထပ်တိုးပိတ်သိမ်းခဲ့ကာ အခု တတိယအကြိမ်အဖြစ် ဇန်နဝါရီ (၂၀) ရက်အထိ ယာယီပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က