အသက် (၈၈) နှစ်အရွယ် အဘွားတစ်ဦးနဲ့ အသက် (၇၄) နှစ်အရွယ် အဘိုးတစ်ဦး သေဆုံးသွားခဲ့ဟုဆို
Mi Thawdar Aung

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်မှာ ရှိတဲ့ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ ကိုဗစ်ကူးစက်ခံရသူ ဘိုးဘွားနဲ့ ဝန်ထမ်း စုစုပေါင်း (၈၄) ဦးအထိ ကိုဗစ်ကူးစက်ခံထားရပြီး ဘိုးဘွား (၂) ဦးသေဆုံးခဲ့ရတယ်လို့ (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံကနေ သိရပါတယ်။

ရောဂါပိုးတွေ့ရှိသူ အဘိုးအဘွားနဲ့ ဝန်ထမ်းတွေကို သင်္ဃန်းကျွန်းစံပြဆေးရုံနဲ့ သာကေတမြို့နယ်က Fortune Plaza တို့ကို ပို့ဆောင်ကုသပေးနေပြီး ဇန်နဝါရီ (၈) ရက်နဲ့ (၉) ရက်နေ့တွေမှာ ကူးစက်ခံရသူ ဘိုးဘွားတွေထဲက အသက် (၈၈) နှစ်အရွယ် အဘွားတစ်ဦးနဲ့ အသက် (၇၄) နှစ်အရွယ် အဘိုးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဦးမောင်ကိုကိုက Duwun ကိုပြောပါတယ်။

“အဘိုးအဘွားတွေဆိုတော့ နဂိုတည်းက ရောဂါအခံလည်းရှိတယ်။ အသက်ကြီးပိုင်းဆိုတော့ ကိုယ်ခံအားလည်းနည်းတာပေါ့။ အခုလောလောဆယ် ကူးစက်ခံရသူ (၈၄) ဦးမှာ ဘိုးဘွား (၂) ဦးသေဆုံးတာပါ။ ကျန်တဲ့ဘိုးဘွားတွေ၊ ဝန်ထမ်းတွေကို ဆေးရုံတွေမှာကုသပေးနေတယ်။ အခြေအနေကောင်းမွန်တယ်လို့တော့ သိရပါတယ်”လို့ ဦးမောင်ကိုကိုက ဆိုပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၇) ရက်က ဆည်းဆာရိပ်ဂိလာနဘိုးဘွားရိပ်သာက ဝန်ထမ်း (၅) ဦးဖျားရာကနေ ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ဝန်ထမ်း (၂) ဦးမှာ ကူးစက်ခံထားရကြောင်း စတင်တွေ့ရှိခဲ့ပြီး အဲဒီနောက် ဘိုးဘွားရိပ်သာမှာရှိတဲ့ ဘိုးဘွားနဲ့ဝန်ထမ်း စုစုပေါင်း (၂၀၃) ဦးကို ဇန်နဝါရီ (၈) ရက်ညနေပိုင်းက Test Kit တွနဲ့ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခဲ့တာပါ။ စစ်ဆေးချက်အရ အဘိုး (၁၉) ဦး၊ အဘွား (၂) ဦးနဲ့ ဝန်ထမ်း (၄) ဦး စုစုပေါင်း (၂၅) ဦး ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း ဓာတ်ခွဲခန်းမှာ ထပ်မံစစ်ဆေးခဲ့ရာ ပိုးတွေ့သူ (၅၇) ဦးထပ်တိုးလာခဲ့ရာ ဘိုးဘွား (၂၇) ဦးနဲ့ ဝန်ထမ်း (၃၀) ဦးတို့ ဖြစ်ကြောင်း ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာ တည်ထောင်သူ ဆရာမဒေါ်သန်းမြင့်အောင်ကလည်း လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်အသိပေးထားပါတယ်။ 

“ ဒီနေ့ ဓာတ်ခွဲခန်းက ထွက်လာတာက (၅၇) ယောက်ပေါ့။ ပထမရိုးရိုးစစ်တာက (၂၅) ယောက်ပဲ။ ဒါပေမယ့် သူတို့အဖြေတွေကို ထပ်ပြီး ဓာတ်ခွဲအတည်ပြုလိုက်တာ (၅၇) ယောက်ထပ်ထွက်လာတယ်။ အားလုံးပေါင်း (၈၄) ဦးရှိပြီ"”လို့လည်း (၁၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ကိုကိုက ပြောပါတယ်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာမှာ ဂိလာန ဘိုးဘွားစုစုပေါင်း (၁၁၆) ဦးရှိပြီး ပိုးကူးစက်ခံရခြင်းမရှိပေမယ့် ထိတွေ့ဆက်စပ်တဲ့ ဝန်ထမ်းတွေနဲ့ ဘိုးဘွားတွေကို မင်းဓမ္မအိမ်ယာရှိ ကွာရန်တင်းစင်တာတွေကို ပို့ဆောင်ထားရှိမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က