ကိုဗစ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ယွမ် (၃) သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေပံ့ပိုးရေးအတွက် ဆွေးနွေးခဲ့ကြဟုဆို

တရုတ်နိုင်ငံက မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး (၃) သိန်းကို ကူညီပံ့ပိုးပေးသွားမှာဖြစ်တဲ့အပြင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက်လည်း ယွမ် (၃) သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ ပံ့ပိုးရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ဇန်နဝါရီ (၁၁) ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။



Photo- Myanmar President Office

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံရာမှာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားရေးနဲ့ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး တို့ကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် ယွမ် (၃)သန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းတွေနဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံး (၃) သိန်း ကူညီပံ့ပိုးသွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်သွားရေးတို့ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ ဇန်နဝါရီ (၁၁) ရက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံကြား စီးပွားရေးနှင့် နည်းပညာပူူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အပါအဝင် နားလည်မှုစာချွန်လွှာ (၅) ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။

Photo- Myanmar StateCouncellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လာမယ့် အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေကို ဆက်လက်အလေးပေးဆောင်ရွက်မှာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာ့ငြိမ်းချမ်းရေးတွေမှာ အပြုသဘောကူညီသွားရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကလည်း မြန်မာမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံအကြီးအကဲတွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါးလိုက်တယ်လို့လည်း ဆိုပါတယ်။ မစ္စတာဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီကနေ့ ဇန်နဝါရီ (၁၂) ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က