တွေ့ဆုံမယ့်နေရာအပါအဝင် အခြားအချက်တစ်ချို့ကြောင့် ညှိနှိုင်းဖို့ ခက်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့က ဒီနေ့မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံဖို့လုပ်ဆောင်ထားပေမယ့် နေရာသဘောမတူညီမှုအပါအဝင် အချက်တစ်ချို့ကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဖို့ နေရာကိစ္စကို ညှိနှိုင်းဖို့ အဆင်မပြေခြင်းက ဆက်လက်ဆွေးနွေးမယ့် နိုင်ငံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်မှုအပေါ် သံသယဖြစ်စေပြီး နှစ်ဖက်အဖွဲ့အကြား ယုံကြည်မှု ကျဆင်းစေတယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ခူးသဲရယ်က Duwun ကို ပြောပါတယ်။



" အဓိကက သူတို့လာတွေ့တဲ့အခါ သူတို့ပါတီရဲ့ ရပ်တည်ချက်တွေ ၊ လာမယ့်အစိုးရသက်တမ်းငါးနှစ်မှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ဘာ plan တွေရှိလဲဘာမူဝါဒတွေရှိလဲ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်နယ်အရေး တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ plan က ဘာရှိလဲဆိုတာ အဲဒီလို ရှိထားတာပေါ့နော်။အဲဒါကို အပြန်အလှန်ဆွေးနွေးနိုင်တဲ့ အနေအထားမျိုးဖြစ်စေချင်တာ။အခုက သူတို့က ကျွန်တော်တို့ဆီက အသံကိုပဲ လာနားထောင်ပြီး ပြန်သွားမယ်ဆိုတဲ့ အနေအထားဖြစ်တဲ့အခါ ကျတော့ အားရကျေနပ်မှုမရှိဘူး။နောက်ပြီး နေရာတစ်ခုကြောင့် ဆွေးနွေးမှုက မဖြစ်တော့ဘူးဆိုတဲ့ဟာက တော်တော်လေး စိတ်ရှုပ်စရာဖြစ်တာပေါ့လေ။ဒီနေရာတစ်ခုထဲနဲ့ပဲ ညှိလို့မရဘူး သူတို့ဘက်က လိုက်လျော ပေးနိုင်တဲ့ အနေအထားမျိုးမရှိဘူးဆိုရင် ကျန်တဲ့ နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးတဲ့အခါ ဘယ်လောက် ပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာ သံသယ ဖြစ်စေတာပေါ့နော် ။ သူတို့နဲ့ ကျွန်တော်တို့အကြား ယုံကြည်မှု လည်း ကျဆင်းစေတာပေါ့ " လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ခူးသဲရယ်က Duwun ကို ပြောပါတယ်။

ဒါ့အပြင် ယခင်က NLD ပါတီရဲ့ ပြောဆိုမှုတွေနဲ့ လုပ်ဆောင်ချက်အရ လွယ်လွယ်တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်သလို ပြည်နယ်လူငယ်ထုရဲ့ သဘောထားကိုလည်း ထောက်ထားရပြီး ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်အဆင့်အတန်းကို ထည့်သွင်းစဉ်းစားရတာကြောင့် ဒီလိုဆွေးနွေးမှု ပျက်ခဲ့ရတယ်လို့ ခူးသဲရယ်က Duwun ကို ပြောပါတယ်။

" တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်ဖို့မရှိဘူး။တိုင်းရင်းသားတွေ အခွင့်အရေးရချင်ရင် NLD ပါတီအောက်ကနေပဲ တောင်းဆိုကြပါဆိုတဲ့ဟာမျိုး ပြောထားတော့ အဲဒီလို သွားတွေ့မယ်ဆိုရင် ပါတီရဲ့ နိုင်ငံရေးအဆင့်အတန်းမကောင်းဘူးပေါ့။ပါတီအနေနဲ့က ဒါကိုလက်ခံဆွေးနွေးဖို့ မဆုံးဖြတ်နိုင်ဘူး။ ပြည်နယ်ထဲမှာရှိနေကြတဲ့ လူငယ်ထုကလည်း NLDရဲ့ ငါးနှစ်အတွင်း တိုင်းရင်းသားအရေးနဲ့ပတ်သက်တာ ဘာတစ်ခုမှ မမြင်လိုက်ရတော့ အဲဒါကို ထုတ်ပြန်ထားတာရှိတော့ ကျွန်တော်တို့ကလွယ်လွယ်နဲ့လက်ခံ ဆွေးနွေးဖို့ဆိုတာကလည်း လူငယ်တွေရဲ့ မျက်နှာကို ထောက်ရဦးမှာပေါ့။ဒါလည်း တပိုင်းအပါဖြစ်ပါတယ်။ တတိယနေရာတစ်ခုဖြစ်မယ် ဗဟိုကနေလည်း တရားဝင်စာပေးပို့အကြောင်းကြားတာမျိုးဆို လက်ခံဆွေးနွေးဖို့ အဆင်သင့်ပါပဲ။အခုက မနေ့က ပြည်နယ် EC ဥက္ကဌကနေပဲ ဆက်သွယ်တာ။ မနက်မှသာ ဒေါက်တာအောင်မိုးညိုက ဖုန်းဆက်လာတာဖြစ်ပါတယ် " လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ခူးသဲရယ်က Duwun ကို ပြောပါတယ်။

NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လုပ်ဆောင်နေပေမယ့် ယခု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအပါအဝင် မွန်ညီညွတ်ရေးပါတီနဲ့လည်း တွေ့ဆုံမယ့် နေရာအခြေအနေကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရတဲ့ ကိစ္စရပ်လည်း ရှိနေပါတယ်။

" မွန်ပြည်နယ်မှာ အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ ဒီလိုအကြောင်းကြောင့်ပဲ နောက်တွေ့ဆုံမှုတွေမှာ အလားတူဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကြေညာချက်မှာ ရည်ရွယ်ချက်ခြင်းတူညီသော တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ သူတို့ရဲ့ သဘောထားကို ကျွန်တော်တို့ အနာဂတ်ပြည်ထောင်စုအတွက် ဆွေးနွေးမယ် ဆိုတာ ပါပါတယ်။အဲဒီတော့ ရည်ရွယ်ချက်မှာ ကွဲပြားမှုတွေ ရှိတာနဲ့အမျှ အခုလိုတွေ့ဆုံမှု ပျက်ပြားတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ဒါဟာ သက်ဆိုင်ရာ နိုင်ငံရေးပါတီရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ပါ။ကျွန်တော်တို့က တစ်စုံတစ်ရာဝေဖန်မှာ မဟုတ်ပါဘူး။တွေ့ဆုံဖြစ်ရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိမယ်လို့ မျှော်လင့်ပါတယ်။ မတွေ့ဆုံဖြစ်တဲ့အတွက်လည်း သူတို့ကိုယ်ပိုင် ရွေးချယ်ခွင့်ဖြစ်တဲ့အတွက် ဘာမှဝေဖန်လိုခြင်းမရှိပါဘူး " လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

အခုလိုတွေ့ဆုံဖို့ဖိတ်ကြားတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပြီး ဖိတ်ကြားတဲ့နေရာကို လာခြင်းမလာခြင်းက ဧည့်သည်နိုင်ငံရေးပါတီရဲ့ သဘောထားဖြစ်ပေမယ့် ဒီလိုကိစ္စတွေအတွက် ပါတီအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမယ်လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပါတီရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေအဖြစ် ဒေါက်တာအောင်မိုးညို ၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံခါးနော်ဆန်တို့က ဒေသခံတိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဖို့အတွက် ကယားပြည်နယ် ၊ လွိုင်ကော်မြို့ကို ဇန်နဝါရီ ၁၁ရက်က ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က