လာမယ့်အစိုးရသက်တမ်းအတွင်း တည်ဆောက်သွားဖို့ စီစဉ်နေ

စင်ကာပူနဲ့ ဘန်ကောက်လို နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်စေနိုင်မယ့် အဆင့်မီ ရေပေါ်ညဈေးတစ်ခုကို ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်းက ငမိုးရိပ်ချောင်းဘေးမှာ တည်ဆောက်သွားမယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ထံကနေသိရပါတယ်။

အဆိုပါ ရေပေါ်ညဈေးတစ်ခု တည်ဆောက်နိုင်ဖို့ လာမယ့်အစိုးရသက်တမ်းအတွင်း တည်ဆောက်သွားဖို့ စီစဉ်နေပြီး ငမိုးရိပ်ချောင်းကမ်းပါးတွေကို ပြန်လည်ပြုပြင်ကာ ကမ်းနားပေါ်မှာ ညဈေး တည်ဆောက်ပြီး မြစ်ချောင်းအတွင်း အလှပြရေယာဉ်တွေ သွားလာနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Duwun ကို ပြောပါတယ်။



“ ကမ်းနားရေပေါ်ညဈေးဆိုတာ အားလုံးသိထားတဲ့အတိုင်းပဲလေ။ စင်ကာပူမှာလည်းလုပ်တယ်။ ဘန်ကောက်မှာလည်း လုပ်တယ်။ နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားစရာ ၊ လာလည်စရာ၊ စားသောက်စရာ နေရာတစ်ခုဖြစ်နေတော့ ကျွန်တော့်အနေနဲ့ကလည်း တောင်ဒဂုံ ကမ်းနားရေပေါ်ညဈေးကို အစပျိုးမယ်။ ပြီးတဲ့အခါမှာ သူ့ရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ သင်္ဃန်းကျွန်းတို့၊ မြောက်ဒဂုံတို့ ၊ တောင်ဥက္ကလာတို့ အဲဒီနေရာတွေကိုပါ ဆွဲချသွားမယ်။ ဒါဆိုရင်တော့ ရန်ကုန်တိုင်းမှာ စီးပွားရေးအနေနဲ့ပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ပဲ ဖြစ်ဖြစ် အဆင့်မြင့်နေရာတစ်ခုဖြစ်တည်လာမှာပါ။ အဲဒီလို ဖြစ်လာနိုင်အောင်လည်း ကြိုးစားသွားမှာပါ။” လို့ ဦးညီညီက ဆိုပါတယ်။

ဓာတ်ပုံ- ဦးညီညီ ဖေ့စ်ဘွတ်ခ် (ရေပေါ်ညဈေးပြုလုပ်မည့် ငမိုးရိပ်ချောင်းကို ကွင်းဆင်းစစ်ဆေးနေစဉ်)

လက်ရှိမှာ ရေပေါ်ညဈေးတည်ဆောက်နိုင်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာမှုနှစ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ရေပေါ်ညဈေးကို တောင်ဒဂုံမြို့ရဲ့ ပြယုဂ်သာမက ရန်ကုန်တိုင်းတစ်တိုင်းလုံးရဲ့ စိတ်ပါဝင်စားစွာနေရာတစ်ခုအဖြစ် ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

“ တောင်ဒဂုံဆိုရင် လူတွေက မလာချင်ကြဘူး။ မလည်ပတ်ချင်ကြတဲ့သဘောမျိုးရှိခဲ့တဲ့အခါမှာ ပြီးခဲ့တဲ့ အစိုးရသက်တမ်း (၅) နှစ်အတွင်းမှာ ပြည်သူနဲ့ တူတူ ဖွံဖြိုးမှုလေးတွေလုပ်လာနိုင်တယ်။ ဖွံဖြိုးမှုကတော့ ကျန်နေသေးတယ်။ အဲဒီထဲမှာမှ ငမိုးရိပ်ချောင်းဘေးမှာ ညဈေးတစ်ခုတည်ဆောက်တာပါ” လို့ ဆိုပါတယ်။

ရေပေါ်ညဈေးတည်ဆောက်ရာမှာလည်း မြန်မာနိုင်ငံရဲ့ ပညာရှင်တွေသာမကဘဲ နိုင်ငံတကာပညာရှင်တွေရဲ့ အကြံအဉာဏ်ရယူကာ တည်ဆောက်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်မပျက်စီးရအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က