ကိုဗစ်တတိလှိုင်းဖြစ်မလာမှသာ ခရီးစဉ်တွေကို စတင်နိုင်မှာဖြစ်ပါတယ်။
Ei Ei Htun

နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နှစ်နီးပါးကြာရပ်နားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေကို လာမယ့် ဧပြီလောက်လမှာ ပြန်လည်စတင်နိုင်အောင် စီစဉ်သွားမယ်လို့ သိရပါတယ်။ 

ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းက အထိခိုက်ဆုံးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံခြားဝင်ငွေတွေ ဆုံးရှုံးမှုရှိခဲ့သလို ဟိုတယ်နှင့်ခရီးသွားကဏ္ဍက ဝန်ထမ်းအများစုလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အခြေအနေနဲ့ကြုံခဲ့ရတယ်လို့လည်းသိရပါတယ်။ 

လက်ရှိမှာ နိုင်ငံတွင်း ကိုဗစ် ကူးစက်မှုအနည်းငယ် လျော့နည်းလာပြီဖြစ်လို့ နောက်ထပ် ကိုဗစ်တတိယလှိုင်းသာမဖြစ်ပေါ်ခဲရင်တော့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ဧပြီလောက်လမှ ပြန်လည်စတင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းက Duwun ကိုပြောပါတယ်။ 

" ပြည်တွင်းခရီးသွားလုပ်ငန်းကိုတော့ မတ်၊ ဧပြီလလောက်မှာ ပြန်လည်စတင်နိုင်မယ်လို့ မှန်းတယ်။ ဒါတောင်ကိုဗစ်ကူးစက်မှုနှုန်းငြိမ်မှပါ။ တတိယလှိုင်းမလာမှဖြစ်မယ်။ လာရင်တော့ ရပ်နေဦးမှာပဲ။ ကိုဗစ်တတိလှိုင်းမလာခဲ့ရင်တော့ ပြည်တွင်းကူးစက်မှုနှုန်းနည်းသွားပြီဆိုရင် အန်ကယ်တို့က ပြည်တွင်းခရီးသွားစမယ်။ ပြည်တွင်းခရီးသွားစပြီး (၄)၊ (၅)လလောက်နေပြီး နိုဝင်ဘာလလောက်ကြရင် နိုင်ငံခြားခရီးသွားကို အချို့ ပြန်လည်စတင်နိုင်မယ်လို့ မျှော်မှန်းတယ်။ ဒါတောင်အချို့ပါ။ အရင်လိုရာနှုန်းပြည့်တော့ ဖြစ်လာအုံးမယ် မထင်ဘူး" လို့ ဦးရန်ဝင်းကပြောပါတယ်။ 

၂၀၂၀ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းက အထိခိုက်ဆုံးကဏ္ဍတစ်ခုဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ ခရီးသွားကဏ္ဍကနေ ရရှိခဲ့တဲ့ ဝင်ငွေရဲ့ (၉၅)ရာခိုင်နှုန်းထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ 

၂၀၁၉ခုနှစ်က ခရီးသွားကဏ္ဍကနေ ဝင်ငွေ ဒေါ်လာ (၂.၅)ဘီလီယံရရှိခဲ့ပြီး ကိုဗစ်ကာလအတွင်းမှာတော့ ခရီးသွားလုပ်ငန်းအားလုံးရပ်ဆိုင်းခဲ့တာကြောင့် အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။



Author


က္က