မနက်ဖြန်မှာ SNLDပါတီနဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နိုင်ဖို့ အလားအလာရှိတယ်လို့လည်း သိရပါတယ်။
Htar Htar Wai

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမှုပြုလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေက တောင်ကြီးမြို့မှာ ရောက်ရှိနေပြီး ရှမ်းပြည်နယ်က အနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ဒီလိုညှိနှိုင်းရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( SNLD) နဲ့လည်း တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်ထားပေမယ့် နေရာအခြေအနေညှိနှိုင်းနေဆဲဖြစ်တာကြောင့် SNLD ရဲ့ တာဝန်ရှိသူတစ်ဦးနဲ့တော့ ဒီနေ့ အကြိုတွေ့ဆုံမှု တစ်ခုရှိခဲ့တယ်လို့ NLDပါတီကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်က Duwun ကို ပြောပါတယ်။

" တွေ့ဖို့ကတော့ ရာခိုင်နှုန်းများတဲ့ အနေအထားရှိပါတယ်။သူတို့ကလည်း သူတို့လူကြီးကို တိုင်ပင်ကြည့်မယ်လို့တော့ ပြောတယ်။ ဒီနေ့မနက်ပိုင်း သူတို့ဘက်က လူကြီးတစ်ယောက် လာတယ်။ နေရာကိစ္စတွေဘာတွေ အထက်ကိုယ်စားလှယ်ပြန်တင်ပြမယ်ပေါ့။ ဒီကိစ္စကိုပဲ အကြီးအကျယ်တော့ မပြောဖြစ်ပါဘူး။လာတာတော့ မှန်ပါတယ်။ တွေ့ဖို့ကတော့ ကျွန်တော်တို့က တောက်လျှောက် ပါတီပြည်နယ်ရုံးမှာတွေ့ဖို့ပဲ အဲဒီလိုမျိုးပဲ ပါတီတိုင်းကို ပြောထားတာပါ " လို့ NLDပါတီကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က Duwun ကို ပြောပါတယ်။

ရှမ်းပြည်နယ်ကိုရောက်ရှိနေတဲ့ NLDပါတီရဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၊ တအာင်း(ပလောင်)အမျိုးသားပါတီတွေနဲ့လည်း တွေ့ဆုံညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

NLDပါတီက လက်ရှိမှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ဒေါက်တာအောင်မိုးညို ၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ဦးအင်ထုံခါးနော်ဆန်တို့အဖွဲ့ကို စေလွှတ်ထားတာဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့က ကချင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


Author


က္က