ဒီကနေ့ရုံးချိန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားရုံးကဆင့်ခေါ်ဖို့ သမ္ဗာန်စာထုတ်ထားမှုကို လာရောက်ဖြေရှင်းတာဖြစ်
Mi Thawdar Aung

မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အောင်ကြီးရဲ့ တရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရော ကိုအောင်ကြီးဘက်ကပါ ညှိနှိုင်းမှာမဟုတ်တာကြောင့် အမှုကို အဆုံးထိဆက်သွားမှာဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီလ (၁၅) ရက်မှာ ပြုလုပ်တဲ့ ရုံးချိန်းအပြီးမှာ အောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောလိုက်ပါတယ်။

အမှုရဲ့ သဘောသဘာ၀ အရ ညှိနှိုင်းရေးအရာရှိဆီမှာ သဘောထားပေးရမှာဖြစ်ပေမယ့် နှစ်ဘက်စလုံးက ညှိနှိုင်းဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း ဘာမှကမ်းလှမ်းပြောဆိုခြင်းမရှိခဲ့ဘူးလို့ ရှေ့နေဦးခင်မောင်ဇော်က ဆိုပါတယ်။



“ အမှုရဲ့ သဘာဝက ရုံးရှေ့မှာကိုပဲ နှစ်ဘက်ညှိမလားလို့မေးတော့ မညှိဘူးလို့ပြောလိုက်တယ်။ သို့သော် ဘာပဲဖြစ်ဖြစ် အမှုရဲ့သဘာဝအရ ညှိုနှိုင်းရေးအရာရှိဆီ သွားပြီး သဘောထားပေးရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ညှိနှိုင်းရေးအရာရှိဆီကိုသွားပါတယ်။ ညှိနှိုင်းရေးအရာရှိရှေ့မှာလည်း ကိုအောင်ကြီးနဲ့ ရဲမှူးကြီးဝင်းမြင့် နှစ်ယောက်စလုံးက ညှိုနှိုင်းဖို့မဖြစ်နိုင်ဘူးလို့ပြောလို့ ပြန်ပြီးတော့ ရုံးကို ပြန်ပို့လိုက်ပါတယ်။ ဒီအမှုက ဆက်ပြီးသွားမယ့်သဘောရှိပါတယ်။ ညှိတာနှိုင်းတာမရှိပါဘူး။ အဓိကကတော့ တစ်ဖက်ပေါ့လေ။ တစ်ဖက်ကပြီးတော့ ကမ်းလှမ်းရမှာကိုး။ ဘာမှကမ်းလှမ်းခြင်းမရှိတော့ ဒီဖက်ကလည်းဆက်သွားမယ်။ “ လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားရုံးကဆင့်ခေါ်ဖို့ သမ္ဗာန်စာထုတ်ထားမှုကို လာရောက်ဖြေရှင်းတာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေဌာနက တာဝန်ရှိပုဂ္ဂိုလ်အဖြစ် အမိန့်ချမှတ်လိုက်တဲ့ ဒုရဲမှူးကြီးဝင်းမြင့်လာရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ ဒီရုံးချိန်းမှာတော့ သူတို့ကအရောက်ပြလိုက်တာပေါ့။ အရောက်ပြပြီးတော့ ဒီအမှုကိုငြင်းတယ်။ ဒီအမှုကိုသူတို့ဝန်ခံစရာမရှိဘူးလို့ ပြောလိုက်ပြီး ညှိနှိုင်းစရာလည်းမရှိဘူးဆိုပြီး အဲဒီလို သူတို့သဘောထားကိုလာပေးတာပါ။ လာပေးပြီးတော့ ရှေ့အချိန်းကျရင် တရားမရဲ့အမှုပုံစံအတွင်းဆက်သွားရမှာပေါ့ဗျာ။ “ လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီအမှုကိုတော့ ရက်ပေါင်း (၅၄၀) တစ်နှစ်ခွဲအတွင်း အပြီးစစ်ရမယ့် အမှုလို့ တရားသူကြီးက ဒီကနေ့ ရုံးချိန်းမှာ အမိန့်ချမှတ်လိုက်ပြီး နောက်ရုံးချိန်းကို ဖေဖော်ဝါရီ (၁၁) ရက်ကို ချိန်းဆိုလိုက်ကာ ရှေ့နေကိုယ်စားလှယ်စာတင်ဖို့နဲ့ ရှေ့နေက မေးဖို့ ရှိတဲ့ မေးခွန်းတွေကို စာရွက်စာတမ်းတောင်းကြည့်တာတွေ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ကိုအောင်ကြီးက “ ကျွန်တော့်ဘက်က ဘာမှ သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ကျွန်တော့ဘက်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမလားတဲ့ ။ကျွန်တော်က မညှိနှိုင်းဘူးလို့ ပြောတယ်။ သူတို့က လည်း မညှိနှိုင်းဘူးလို့ ပြောပါတယ်။ ဒါကတော့ မညှိနှိုင်းချင်ဘူးဆိုတာက အဆုံးထိပဲ သွားချင်တာပေါ့နော်။ ဒီကြားထဲဖိအားနဲ့ပတ်သက်လို့ အဲလိုဖိအားတော့မရှိပါဘူး။ ကျွန်တော့်ကိုယ်ကျင့်တရား၊ကျွန်တော့် ဂုဏ်သိက္ခာ ကျွန်တော့် မိသားစု တာဝန် အရာအားလုံးပေါ့ ။အားလုံးကို ခြုံပြီးတော့ တရားစွဲတာ ငွေကြေးကြောင့် မဟုတ်ပါဘူး။”လို့လည်း ဆိုပါတယ်။

ကိုအောင်ကြီးဟာ နေပြည်တော် Wisdom Hill မူကြိုကျောင်းရှိ ဗစ်တိုးရီးယားအမှုမှာ ကျုးလွန်သူလို့ စွပ်စွဲခံရပြီး (၆)လနီးပါး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးတဲ့နောက် တရားရုံးက စစ်ဆေးကြားနာမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မကျုးလွန်ကြောင်း လက်ခံယုံကြည်ရတာကြောင့် (၂၀၁၉) ခုနှစ် ဒီဇင်ဘာလမှာ တရားရှင်လွှတ်ပေးခဲ့တာပါ။ အဲဒီနောက် အမှုကနေ လွတ်မြောက်ပြီးတစ်နှစ်အကြာ (၂၀၂၀) ခုနှစ် ဒီဇင်ဘာလမှာ သူရဲ့နစ်နာမှုနဲ့ထိခိုက်မှုတွေအတွက် သိန်း (၅,၀၀၀) ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က