လူကြီးရောဂါနဲ့ ကွယ်လွန်သွားခြင်းဖြစ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)ပါတီ ဥက္ကဋ္ဌ ဦးသန်းတင်က မင်္ဂလာဒုံက စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၁၄) ရက် ည(၈) နာရီ (၅၅) မိနစ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၉၀) ကျော်နေပြီလို့ တစညပါတီတာဝန်ရှိသူ ဦးထွန်းရီက ဆိုပါတယ်။

"ဆုံးသွားတာမှန်ပါတယ်။ စစ်ဆေးရုံမှာဆုံးတာဆိုတော့ စစ်ဆေးရုံကပဲအသုဘချပါမယ်။ သူကအရင်တုန်းကတပ်မတော်သားဖြစ်တယ်။ ဆုံးတာကလည်း စစ်သင်္ချိုင်းမှာဆုံးတော့ စစ်သင်္ချိုင်းမှာ မီးသဂြိုလ်ပါမယ်။ တစ်ခြားကြီးကြီးမားမားရောဂါမရှိပါဘူး။ လူကြီးရောဂါပေါ့။ အသက်ကလည်း (၉၀) ကျော်ပြီ။ ဌာနချုပ်အနေနဲ့ကတော့ မိဘတစ်ယောက်၊ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးသွားသလို သဘောထားပြီး ဌာနချုပ်ကတာဝန်ရှိတဲ့သူတွေလိုက်ပို့ပါမယ်။ ပါတီတော်တော်များများကလိုက်ပို့ချင်ပေမယ့် ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လိုက်မပို့နိုင်ကြဘူး။ မိသားစုနဲ့တိုင်ပင်ပြီး လိုအပ်တာတွေ ကူညီသွားမှာ"လို့ တစညပါတီက တာဝန်ရှိသူဦးထွန်းရီကပြောပြပါတယ်။

တစညပါတီဥက္ကဋ္ဌ ကွယ်လွန်သွားပြီးနောက် ပါတီအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်အတွက် ပါတီညီလာခံခေါ်ပြီး အစည်းဝေးထိုင်ဖို့ရှိပေမယ့် အားလုံးက ကိုဗစ်ကန့်သတ်ချက်ပြီးမှသာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လိုသိရပါတယ်။

လက်ရှိ တစညပါတီရဲ့ လုပ်ငန်းကိစ္စတွေကိုတော့ ပါတီဥက္ကဋ္ဌကြီး နေမကောင်းတဲ့အချိန်ကတည်းက ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး တို့က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တစညပါတီမှာ ဥက္ကဋ္ဌအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဦးသာကျော်သည်လည်း တာဝန်ထမ်းဆောင်ရင်းကွယ်လွန်ခဲ့သလို၊ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းရီလည်း တာဝန်ထမ်းဆောင်ရင်းသေဆုံးခဲ့ကြောင်း၊ အခုပါတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးသန်းတင်ကလည်း ပါတီတာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့တာဖြစ်ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။




က္က